skip to content

 

ကော့သောင်း ဒီဇင်ဘာ ၂၂

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် အဖြစ် အရှေ့တောင် အာရှနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများစွာက ရင်သက်ရှုမော အံ့ဩဖွယ်ရာ နှစ်ချိုက် အားပေး ကြသည့် မြန်မာ့ရိုးရာ ခြင်းလုံး အလှခတ်စွမ်းရည်သရုပ်ပြပွဲအား မြန်မာ့ရိုးရာ ခြင်းလုံး အကျော်အမော် ကျွန်းဆွယ် ရွှေတံဆိပ်ဆုရှင် ခေတ္တရာအောင်အောင်၏ အလှခတ် စွမ်းရည် သရုပ်ပြကွက်များဖြင့် ယမန်နေ့ ည ၇ နာရီက ကော့သောင်းဟိုတယ်အနီး လမ်းဆုံ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာခြင်း အလှခတ်စွမ်းရည်သရုပ်ပြပွဲအား ရိုးရာခြင်းလုံး ခတ်ကစားနည်း လူငယ် လူရွယ်ထု အတွင်း ပျံ့နှံ့ထွန်းကားလာရေး၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားခြင်းအား ကမ္ဘာ့နိုင်ငံ အသီးသီးမှ စိတ်ပါ ဝင်စားကာ ကမ္ဘာအဆင့် ပြိုင်ပွဲများတွင် မြန်မာမှစတင်ခဲ့သည့် အားကစား နည်းတစ်ရပ် ခန့်ညားထည်ဝါ စွာ ရပ်တည်နိုင်ရေးရည်ရွယ် ကာ ကော့သောင်းမြို့နယ် မြန်မာ့ရိုးရာခြင်းလုံး ဆပ်ကော်မတီမှ စီစဉ် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး မြို့ခံခြင်းလုံးခတ် အသင်းများမှ အသင်းအဖွဲ့လိုက် ဝင်ရောက် အလှခတ် သရုပ်ပြခဲ့ကြသည်။

အဆိုပါ မြန်မာ့ရိုးရာခြင်းအလှခတ် စွမ်းရည်ပြပွဲတွင် မြန်မာ့ခြင်း လုံးအားကစားအား ကမ္ဘာက အသိအမှတ်ပြုလာအောင် စွမ်းဆောင်နိုင်ခဲ့သည့် မြန်မာ့ရိုးရာခြင်းလုံးအကျော်အမော် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျွန်းဆွယ်ရွှေတံဆိပ်ဆုရှင် ခေတ္တရာအောင်အောင်၏ မြန်မာ့ရိုးရာ ခြင်းပေါက်များ ဖြစ်သည့် ခြင်းကြီး(၁၀)မျိုး၊ ခြင်းလတ်(၁၀) မျိုး နှင့် လက်ရွေးစင် ခြင်း(၁၀)မျိုးစသည့် ခြင်းပေါက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ မြို့ခံတိုင်းလက်ရွေးစင်၊ ခရိုင်နှင့် မြို့နယ်လက်ရွေးစင်ခြင်းလုံး အားကစားသမားများဖြင့် တွဲဖက်စွမ်းရည် ပြခတ်ကစားခဲ့ရာ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရိုးရာခြင်းလုံး ဝါသနာရှင် များ၊ မြို့ခံပြည်သူများ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)

 


back to top Eng