skip to content

နေပြည်တော်၊ ဇူလိုင်လ(၉)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော စားရိပ်သာဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအား နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် (၁၁)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သွားရောက်ကြည့်ရှုစစ်ဆေး အမှာစကားပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးအား သင်တန်းသား/ သင်တန်းသူများနှင့် တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုပြီးနောက် ပြည်ထောင်စုဝန်ကြီး မှ အမှာစကားပြောကြားရာတွင်

• အားကစားသမားများ ကျန်းမာကြံ့ခိုင်၍ သက်လုံကောင်းစေရန်၊ အားကစားစွမ်းဆောင်ရည်များ မြင့်မားစေရန်နှင့် အားကစားအောင်မြင်မှုကောင်းများ ရရှိစေရန်အတွက် အာဟာရပြည့်ဝရန်မှာ အရေးကြီးပါကြောင်း၊

• အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆) ကျောင်း၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းနှင့် အားကစားအဖွဲ့ချုပ်များမှ စားဖိုဆောင်ဝန်ထမ်းများအတွက် အာဟာရပြည့်ဝသည့် အစားအစာများ ရွေးချယ်မှု၊ ဟင်းလျာစာရင်းပြင်ဆင်ရေးဆွဲမှု၊ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းသန့်ရှင်းစွာ ထိန်းသိမ်းထားသိုမှု၊ ချက်ပြုတ်မှုနှင့် စားဖိုဆောင်စီမံခန့်ခွဲမှု စသည်တို့ ပါဝင်သည့် စားဖိုဆောင်စွမ်းရည်မြှင့်တင်မှုသင်တန်း ပြုလုပ်ခြင်းသည် ကောင်းမွန်ပါကြောင်း၊
 
• သင်တန်းပြုလုပ်ရာတွင် သိပ္ပံနည်းကျ သင်ရိုးညွှန်းတမ်းစာအုပ်ပြုစုထားရှိမှု၊ သင်ထောက်ကူပစ္စည်း စုံလင်စွာဖြင့်သင်ကြားမှု၊ သင်တန်းကြိုစစ်ဆေးမှု၊ သင်တန်းပြီးစစ်ဆေးမှု၊ သင်တန်းသား တစ်ဦးချင်းစီအတွက် မှတ်တမ်းစာအုပ် (log book) ထားရှိခြင်းတို့အပြင် အကြံပြုချက် (feedback) များ ပေးအပ်နိုင်ရန်အတွက်ပါ စီစဉ်ထားရှိခြင်းသည် ကောင်းမွန်ပါကြောင်း၊
 
• အားကစားနည်းစနစ်လေ့ကျင့်မှုအလိုက် ကိုက်ညီစွာစားသုံးသင့်သည့် အစားအစာများ၊ အစားအစာအမျိုးအစားအလိုက် ထိန်းသိမ်းထားသိုမှု၊ အစားအစာများ၏ အာဟာရတန်ဖိုး မပျက်စေဘဲ ချက်ပြုတ်စီမံမှုစသည့် အထွေထွေဗဟုသုတများကိုလည်း ထည့်သွင်းသင်ကြား သွားရမည်ဖြစ်ပါကြောင်း၊
 
• သင်ရိုးညွှန်းတမ်းတွင်ပါဝင်သည့် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ အကြောင်းအရာများ ကောင်းမွန်ပြီး ပြည်သူများသိရှိသင့်သည့်အချက်များဖြစ်သဖြင့် ဝန်ကြီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များထံ ဖြန့်ဝေထားရှိသော Mobile Tablet များတွင် ထည့်သွင်းသွားမည်ဖြစ် ပါကြောင်း၊
 
• သင်တန်းပြီးဆုံးပြီးနောက် ယခုသင်တန်းမှ သင်ကြားခဲ့မှုများအား လက်တွေ့အသုံးချမှု အခြေအနေများကို သိရှိနိုင်ရန် ဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများသို့ သွားရောက်၍ ကြည့်ရှုလေ့လာခြင်းနှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
 
• ဝန်ကြီးဌာနအနေဖြင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အားကစားသမားများအတွက် အားဖြည့်ဆေးဝါးများကိုလည်း ပံ့ပိုးထားရှိပါကြောင်း၊
 
• အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အားကစားသမားများတွင် အာဟာရပြည့်ဝမှု အခြေအနေ အထူးသဖြင့် သွေးအားနည်းရောဂါရှိ၊ မရှိကိုလည်း ဆန်းစစ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က သင်တန်းနှင့်ပတ်သတ်သည့် သင်ခန်းစာ စာအုပ်များနှင့် သင်ကြားသင်ယူမှုအထောက်အကူပြုပစ္စည်းများ အားလိုက်လံကြည့်ရှုစစ်ဆေး ပါသည်။
 
  
 
ထို့နောက် သင်တန်းသား/ သင်တန်းသူ ကိုယ်စားလှယ်တစ်ဦးစီမှ သင်တန်းမှရရှိသော အကျိုးကျေးဇူးများကိုလည်းကောင်း၊ သင်ခန်းစာပို့ချသူနည်းပြ သင်္ဂဟဟိုတယ်မှ စားဖိုမှူးချုပ် ဦးမြင့်နိုင်မှ သင်တန်းနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ညွှန်ကြားခဲ့ပါသည်။
 
အဆိုပါသင်တန်းအား စားရိပ်သာဝန်ထမ်းများသည် ချက်ပြုတ်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများအား တွက်ချက်ဝယ်ယူခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ မီးဖိုချောင်သုံးပစ္စည်း ကိရိယာများအား နည်းစနစ်တကျအသုံးပြုခြင်း၊ ဟင်းလျာစာရင်းပြင်ဆင်ရေးဆွဲခြင်းစသည့် အခြေခံသဘောတရားများအား သိရှိနားလည်လာပြီး လက်တွေ့အသုံးချတက်လာစေရန်၊ အစားအသောက်ဘေးကင်းလုံခြုံရေး နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိ၍ လုပ်ငန်းခွင်တွင်ပြန်လည်အသုံးချနိုင်စေရန်နှင့် စားရိပ်သာဝန်ထမ်းများသည် အစားအသောက်များ တွင် ပါဝင်သောအာဟာရဓါတ်များအကြောင်း နားလည်သဘောပေါက်ပြီး အာဟာရပြည့်ဝသော အစားအသောက်များကို ပြင်ဆင်ချက်ပြုတ် နိုင်စေရန်ရည်ရွယ်ပြီး အစားအသောက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းစီမံခန့်ခွဲခြင်း၏ အခြေခံသဘောတရားများနှင့် ဟင်းလျာစာရင်းပြင် ဆင်ရေးဆွဲခြင်း (Basics of Food Service Management and Menu Planning)၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး( Food Safety)၊ အစာအုပ်စုများနှင့် အာဟာရ ဓါတ်ဆိုင်ရာ အခြေခံသဘောတရားများ (Basics of Nutrition and Food Groups)နှင့် အစားအသောက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းစသည့် သင်တန်းခေါင်းစဉ်များဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
 
  
 
သင်တန်းတွင် ဇူလိုင်လ (၈) ရက်နေ့မှ (၁၂) နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆) ကျောင်း၊ နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်း နှင့် အားကစားအဖွဲ့ချုပ်များမှ စားဖိုဆောင်ဝန်ထမ်း (၂၆) ဦးတက်ရောက်လျက်ရှိပါသည်။
 
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 


back to top Eng