skip to content

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၂)ရက်။

၂ဝ၁၇-၂ဝ၁၈ ခုနှစ်၊ ပညာသင်နှစ် တွင် ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့မှ B.Sc(Sports)သိပ္ပံဘွဲ့(အားကစားပညာ) ရရှိသောဘွွဲ့ရကျောင်းသား/သူများအား အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ တွေ့ဆုံလမ်းညွန်မှုအခမ်းအနားအား ယနေ့နံနက် (၈:၃ဝ)နာရီခွဲအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေး၌ကျင်းပပြုခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်၊ ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ B.Sc(Sports) ဘွဲ့ရကျောင်းသား/ သူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား အခမ်းအနားသို့ တက်ရောက်လာကြသော B.Sc(Sports) ဘွဲ့ရကျောင်းသား/သူများက တစ်ဦးချင်းမိတ်ဆက်ဂါဝရပြုနှုတ်ဆက်ပါသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှစတင်၍ B.Sc(Sports) ကျောင်းသား/သူများအား ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်၌ လက်ခံပညာသင်ကြားပေးမှုအခြေအနေနှင့် ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ် တွင် B.Sc(Sports)ဘွဲ့ရရှိသူ(၉၇)ဦးအနက် တတိယနှစ်ဂုဏ်ထူးတန်း(၂၇)ဦးနှင့် မဟာတန်း တက်ရောက်နေသူ(၁၁)ဦးတို့၏ ဆက်လက်ပညာသင်ကြားနေမှု အခြေအနေနှင့်    ကျန်ရှိ(၅၉)ဦးအား အားကစားနှင့်ကာယပညာဦးစီးဌာန၌ (နည်းပြ/ နည်းစနစ်မှူး)နှင့် ပညာရေးဝန်ကြီးဌာန၌ ကာယကျွမ်းကျင်ဆရာအဖြစ် ခန့်ထားနိုင်ရေးနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးတွင် ကာယနည်းပြအဖြစ်ခန့်ထားနိုင်ရေး အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက B.Sc(Sports)ဘွဲ့ရ  ကျောင်းသား/သူများအား မြန်မာနိုင်ငံ၏ပထမဦးဆုံးအားကစားဆိုင်ရာ ဘွဲ့ရရှိသူများဖြစ်၍ အထူးဂုဏ်ယူဝမ်းမြောက်ကြိုဆိုပါကြောင်းနှင့် ဘွဲ့ရမောင်/မယ်များအနေနှင့် ယခုဘွဲ့ရရှိမှုကိုသာ လက်ခံကျေနပ်မနေဘဲ အားကစားဆိုင်ရာပညာရပ်များကို နိုင်ငံတကာမှ နည်းစနစ်များ၊ နည်းပညာများ၊ ခေတ်နှင့်အညီပြောင်းလဲနေမှုများကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပြီးထပ်မံလေ့လာသင်ယူကြရန်လိုအပ်ကြောင်း၊ သို့မှသာ ဘဝအတွက်တက်လမ်းရှိမှာဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် အားကစားနှင့်ပတ်သက်၍ လုပ်ငန်းများစွာပေါ်ပေါက်နေ၍ အလုပ်အကိုင်အခွင့်အလမ်းများပြားပါကြောင်း၊ မိမိတို့နိုင်ငံ အနေနှင့်လည်း နိုင်ငံတစ်ဝန်းငြိမ်းချမ်းလာမှုနှင့်အတူ နိုင်ငံတိုးတက်ဖွံ့ဖြိုးလာပြီး အားကစားနှင့် ပတ်သက်၍အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ယခု အားကစား ဘွဲ့ရမောင်/မယ်များအား အားကစားနှင့်ကာယပညာဦးစီးဌာန၌ (နည်းပြ/နည်းစနစ်မှူး) ရာထူးများနှင့် ပညာရေးဝန်ကြီးဌာန၌ (ကာယကျွမ်းကျင်ဆရာ)များအဖြစ် ခန့်အပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ပညာရေးဝန်ကြီးဌာနအနေဖြင့် အားကစားနှင့် ဘွဲ့ရရှိသောဘွဲ့ရမောင်/မယ်များကို ကာယပညာဆရာများနှင့်ခန့်ထားနိုင်ရေး အထူးဆောင်ရွက် လျက်ရှိကြောင်း၊ အနည်းဆုံး(၂ဝဝဝ)ဦးခန့် လိုအပ်လျက်ရှိပါကြောင်း၊သို့ဖြစ်ပါ၍ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတွင် B.Sc(Sports)ဘွဲ့ရမောင်/မယ်များကို ဦးစားပေးခန့်ထားမည်ဖြစ်ပါကြောင်း၊ ဘွဲ့ရမောင်/မယ်များအနေနှင့် လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်ရာတွင် အားကစားဆိုင်ရာပညာရပ်များကို ထပ်မံလေ့လာလိုက်စားရုံသာမက အင်္ဂလိပ်စာအရည်အချင်းတိုးတက်အောင်လေ့လာရန်လိုအပ်ကြောင်း၊သို့မှသာ နိုင်ငံတကာနှင့် ပြောဆိုဆက်ဆံနိုင်ပြီး နိုင်ငံတကာအားကစားပွဲများပြုလုပ်သောအခါ၌လည်း ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း၊ ဘွဲ့ရကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာအားကစားလောကတစ်ခုလုံး တိုးတက်လာရေးအတွက် အားကိုးနိုင်လောက်သော စွမ်းဆောင်နိုင်သူများဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဆက်လက်၍B.Sc(Sports)သင်ကြားနေသော သင်ကြားမှုပုံစံနှင့် သင်ရိုးညွန်းတမ်းအား တိုးတက်ကောင်းမွန်စေရေးအတွက် ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း၊ သင်ကြားပို့ချမှုပြုလုပ်သောအခါတိုင်း ကျောင်းသားများနှင့် အပြန်အလှန် ဆွေးနွေးမေးမြန်ရန် အတွက် အချိန်ပေးရန်လိုအပ်ကြောင်း၊ ဘွဲ့ရမောင်/မယ်များအနေဖြင့် မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်အောင်၊ ပြောင်မြောက်လာအောင် ဆောင်ရွက်မည့်သူများဟု ယုံကြည်ပါကြောင်းဖြင့် လမ်းညွန်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသူ B.Sc(Sports)သင်ကြားသူဆရာမ ဒေါက်တာမြလေးစိန်နှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှဒုတိယညွန်ကြားရေးမှူးချပ်များက အားကစားနှင့်ကာယပညာဦးစီးဌာနပညာရပ်တွင် မဟာဂုဏ်ထူးတန်းအတွက် သင်ကြားမှုပုံစံ သင်ရိုးညွန်တမ်းများနှင့် B.Sc(Sports) အားကစားဘာသာရပ်များကို သင်ကြားပို့ချနေသော ပြင်ပအားကစားပညာရှင်ကြီးများအား သင်ကြားမှုထောက်ပံ့မှုကိစ္စရပ်များကို အသီးသီးဝိုင်းဝန် ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွန်ကြားရေးမှူးချုပ်မှ ပြန်လည်ဆွေးနွေးပြောကြား ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော B.Sc(Sports) ဘွဲ့ရ မောင်/ မယ်များမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


back to top Eng