skip to content

နေပြည်တော်၊ မတ်လ(၂၁)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်သည် ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ဖွင့်လှစ် သင်ကြားလျက်ရှိသော အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး (ဦးစီးအရာရှိ) လုပ်ငန်းခွင်ဝင် အကြို မွန်းမံသင်တန်းသို့ သွားရောက်၍ လမ်းညွှန်အမှာစကား ပြောကြား ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးအား သင်တန်းသားအရာရှိများမှ တစ်ဦးခြင်းမိတ်ဆက်ဂါရဝပြုပြီးနောက် ဒုတိယဝန်ကြီးမှ လမ်းညွှန်အမှာစကားပြောကြားရာတွင် သင်တန်းသား/သင်တန်းသူများအနေနှင့် မကြာမီ အားကစားမှူး(ဦးစီးအရာရှိ)ဘဝနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် အားကစား တာဝန်ခံအရာရှိ အားကစားမှူးဘဝဖြင့် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သောကြောင့် တာဝန်ထမ်းဆောင်သော လုပ်ငန်းနယ်ပယ်တွင် အခက်အခဲတစ်စုံတစ်ရာမကြုံတွေ့စေရန်နှင့် အားကစားလုပ်ငန်းများကို ဆထက်ထမ်းပိုး အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်သင်ကြား ကြိုတင်ပြင်ဆင်ပေးခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသားများအား အထူးမှာကြားလိုသည်မှာ အားကစားဘဝမှ လာကြသော အားကစားသမား အရာရှိများဖြစ်ကြ၍ တာဝန်ထမ်းဆောင်ရာဒေသတွင် မြို့နယ်တာဝန်ခံ ဖြစ်သောကြောင့် အုပ်ချုပ်စီမံခန့်ခွဲမှုအတတ်ပညာကို သင်ကြားတတ်မြောက်ရန်လိုအပ်ပါကြောင်း၊ သင်တန်းသားများထဲမှ အားကစားအရည်အချင်း မြင့်မားသူများအနေနှင့် နည်းပြတာဝန်များ ထမ်းဆောင်ရန် တာဝန်ကျလာပါက နည်းပြအရည်အချင်း ပြည့်မီစွာ ဆောင်ရွက်နိုင်ရေး ယခုကတည်းက သင်ကြားမှု အတတ်ပညာများအား အဆင့်ဆင့် လေ့လာဆည်းပူးထားရန် လိုအပ်ကြောင်း၊ သင်တန်းသားများအနေနှင့် တာဝန်ထမ်းဆောင်ရာ ဒေသအသီးသီးတွင် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ စည်းမျဉ်းစည်းကမ်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ အဂတိလိုက်စားမှု မဖြစ်ပေါ်လာစေရေးတွင် အထူးကြိုးစား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများကို ယခုသင်တန်းကတည်းက စတင်ကြိုးစားသင်ယူကြစေလိုကြောင်း၊ တာဝန်ကျရာဒေသရှိ ဝန်ထမ်းအချင်းချင်း အထက်အရာရှိများ၊  လက်အောက်ငယ်သားများနှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အထက်အောက် ရိုသေမှု ဆက်ဆံရေးမှာ အထူးအရေးကြီးပါကြောင်း၊ တာဝန်ကျဒေသရှိ ပြည်သူများ အားကစားကို ပိုမိုစိတ်ဝင်စားလာအောင် စည်းရုံးဆောင်ရွက်နိုင်ရေးမှာ မိမိတို့၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ ဒေသခံအာဏာပိုင်တို့နှင့် ပူးပေါင်း၍ အားကစားပြိုင်ပွဲများ ပိုမိုအောင်မြင်အောင် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေးဆောင်ရွက်ရမည်မှာ မိမိတို့၏အဓိကတာဝန်ဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ကျရာ မြို့နယ်ရှိ အားကစားကွင်း/ရုံများ အထူးသန့်ရှင်းသပ်ရပ်ပြီး အားကစားလုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရေး ပြည်သူများ အားကစားကို လာရောက်လေ့ကျင့်မှုပြုနိုင်ရေးသည် အထူးအရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် တစ်နိုင်ငံလုံးရှိပြည်သူများ ကျန်းမာကြံ့ခိုင်စေရေး ရည်ရွယ်ချမှတ်ဆောင်ရွက်နေပါသဖြင့် မိမိတို့တာဝန်ကျရာ ဒေသမှနေ၍ တတ်နိုင်သလောက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် မိမိတို့ မြို့နယ်ရှိ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးကို အထူးအလေးပေးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊  ယခုအခါ တက္ကသိုလ်ကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် အားကစားလုပ်ငန်းများပိုမို ဆောင်ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်နေပါသဖြင့် မိမိတို့ ကျရာနေရာဒေသမှ ကူညီဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းအချင်းချင်း ''လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးစေရန်'' တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီပြီး တစ်ဦး၏ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပြီး တာဝန်ကို ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
 


back to top Eng