skip to content
 
နေပြည်တော် ဒီဇင်ဘာ (၂၀)။
 
(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များအား ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ဇမ်ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B) ၌ ကျင်းပသည်။
 
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုချီးမြှင့်သည့် မင်္ဂလာရှိသော အခမ်းအနားဖြစ်ပါကြောင်း၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရယူဆွတ်ခူး နိုင်ခြင်းသည် မိမိနိုင်ငံ မိမိလူမျိုးအတွက် ဂုဏ်သိက္ခာ အဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်သလို နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်းဂုဏ်ကိုဖော်ဆောင်ခြင်းလည်းဖြစ်ပါကြောင်း။
 
 
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ကြီးကြပ်ကူညီမှုများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်ဥက္ကဌများ၊ အားကစားဆပ်ကော်မတီ ဥက္ကဌများ၏ ဦးဆောင်အားပေးပံ့ပိုးမှုများ၊ အလႉရှင်မျာ အပြင် အခြားသော ပေါင်းစည်းမှုခွန်အားများဖြင့် မြန်မာ နိုင်ငံတက္ကသိုလ် အားကစားသမားများသည် အားကစား နည်း ၁၇ နည်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ​ရွှေတံဆိပ် ၂၄ ခု၊ ငွေတံဆိပ် ၂၆ ခု၊ ကြေးတံဆိပ် ၂၉ ခု စုစုပေါင်း ဆုတံဆိပ် ၇၉ ခုရရှိခဲ့ပါကြောင်း၊ ယခုအခါ အဆင့် ၄ တွင် ရပ်တည်နိုင်သည်အထိ အောင်မြင်မှုရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ အားကစားမောင်မယ်များ အနေဖြင့် အားကစားစည်းမျဉ်းစည်းကမ်း ဥပဒေဘောင် အတွင်းမှ အားကစားစိတ်ဓာတ်အပြည့်နှင့် တရားနည်းလမ်း ကျစွာ ယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ခဲ့သည့်အတွက် ချီးကျူး ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ အားကစားနှင့်ပညာရေး ပေါင်းစပ်မှုအနေဖြင့် B.Sc(Sport) ကို ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက်ကသိုလ်တို့တွင် သင်ကြားပေးနေသည့်အတွက် အားကစားဆိုင်ရာ ထူးချွန်လူငယ်များ ပေါ်ထွက်လာရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ယခုပြိုင်ပွဲအတွေ့အကြုံများကို အခြေခံ၍ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်အားကစားသမား မောင်မယ်များအနေဖြင့် ယခုထက် ပိုမိုအောင်မြင်ရေးအတွက် ဆက်လက်ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယများ၊ ကြိုးပမ်းအားထုတ်လေ့ကျင့်မှုများ၊ စည်းကမ်းလိုက်နာမှုများ၊ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ်များဖြင့် နောင်လာမည့် အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှတက္ကသိုလ်မျာ အားကစားပြိုင်ပွဲတွင် ယခုထက် ပိုမိုအောင်မြင်နိုင်ရေး အလေးအနက်ထား ကြိုးပမ်းအားထုတ်ကြရန်တိုက်တွန်းပါကြောင်း၊ (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစား ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီပူးပေါင်း ဆောင်ရွက်ကြသော ဝန်ကြီးဌာနများ၊ အားကစားအဖွဲ့ချုပ်များ၊ အလှူရှင်များ၊ ကျေးဇူးတင်ထိုက်သူများအားလုံးကိုကျေးဇူးအထူးတင်၍ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
 
 
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာဝင်းသိမ်းတို့က (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများနှင့် အုပ်ချုပ်၊နည်းပြများအား ဂုဏ်ပြုဆုကြေးငွေနှင့် ဂုဏ်ပြု မှတ်တမ်းလှှာများ ပေးအပ်ချီးမြှင့်သည်။
 
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က ဆုတံဆိပ်များ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် အားကစားအဖွဲ့ချုပ်များအား ဂုဏ်ပြုမှတ်တမ်းလှှာများ ချီးမြှင့်သည်။
 
 
ဆက်လက်၍ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ရရှိခဲ့သည့် အားကစားအဖွဲ့များအား ဂုဏ်ပြုဆုကြေးငွေများချီးမြှင့်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် အလှူရှင်များက ရွှေတံဆိပ်ဆုရှင်များအား ကျပ်သိန်း ၅၀၊ ငွေတံဆိပ်ဆုရှင် များအား ကျပ်သိန်း ၃၀၊ ကြေးတံဆိပ်ဆုရှင်များအား ကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ အားကစားအဖွဲ့ချုပ်များက ရွှေတံဆိပ်ဆုရှင်များအား ကျပ်သိန်း ၃၀၊ ငွေ တံဆိပ်ဆုရှင်များအား ကျပ်သိန်း၂၀၊ ကြေးတံဆိပ်ဆုရှင် များအား ကျပ် ၁၀ သိန်းကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
 
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း က တက်ကသိုလ်များမှ စေတနာ့ဝန်ထမ်း လုပ်အားပေး (Liaison Offi cer)များ၊ အခမ်းအနားမႉးများနှင့် ဆုဗန်းကိုင်များအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်သည်။
 
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်းက နိုင်ငံတကာအားကစားသမားများ သွားလာနေထိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးကြသော ဟိုတယ်လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ် တမ်းလွှာချီးမြှင့်ပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူကြောင်း သတင်းရရှိပါသည်။

back to top Eng