skip to content

နေပြည်တော်၊ မတ်လ(၂၉)ရက်။ 

အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး(ဦးစီးအရာရှိ) လုပ်ငန်းခွင်ဝင်အကြိုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ(၃:၄၅)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦး၊  အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင်   ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းဆင်းအားကစားမှူး(၂၈)ဦးအား (၁၈.၃.၂ဝ၁၉)ရက်နေ့မှ (၂၉.၃.၂ဝ၁၉) ရက်နေ့အထိ  (၂)ပတ်တိုင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး၍ ဌာနခွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၌ တာဝန်ထမ်းဆောင်မည့် အားကစားမှူး(ဦးစီးအရာရှိ)များသည်  သင်တန်းတွင် ပို့ချခဲ့သော အားကစားမူဝါဒများ၊ ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ၊ ရုံးလုပ်ငန်းများ၊ ဌာနခွဲများ၏ လုပ်ငန်းများ၊ အား/ကာသိပ္ပံများ၏ လုပ်ငန်းကိစ္စရပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ လုပ်ငန်းဆိုင်ရာများကို ကောင်းစွာသိရှိနားလည်ပြီး လုပ်ငန်းခွင် ဝင်ရောက်သည့်အခါ လက်တွေ့အသုံးချနိုင်ဖို့ဖြစ်ကြောင်း၊ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် သင်တန်းပြီးဆုံး၍ မိမိတို့ တာဝန်ကျရာဒေသများသို့ ရောက်ရှိသောအခါ ဌာနမှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားကွင်း/ရုံများ ထိန်းသိမ်းခြင်း၊ အားကစားသမား မျိုးဆက်သစ်များ မွေးထုတ်ခြင်း၊ ပြည်သူလူထုကို အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာအောင် စည်းရုံးခြင်း၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာဘာသာရပ်များ တိုးတက်အောင် လေ့လာဆည်းပူးကြစေလိုကြောင်း၊ တာဝန်ကျဒေသရောက်သောအခါ ပြည်နယ်အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်အတူ အဆင်ပြေအောင် ပူးပေါင်းပြီး အားကစားလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် အောင်မြင်စွာတက်ရောက်ခဲ့ကြသော သင်တန်းသား/သင်တန်းသူများအား  ရာထူးခန့်အပ် ရုံးအမိန့်စာများကို တစ်ဦးချင်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 


back to top Eng