skip to content
 
နေပြည်တော်၊ ဇန်နဝါရီလ( ၁၈ )ရက်။      
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့ ပူးပေါင်း၍ ကျင်းပသော ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် Physical Fitness Dance Exercise (၁/၂၀၁၉)သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာ၀န်ရှိသူများ၊ ပညာရေး၀န်ကြီးဌာနမှတာ၀န်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားမှူးများ၊ နည်းစနစ်မှူးများ၊ ပညာရေး၀န်ကြီးဌာနမှ ကာယဆရာ/ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ဒုတိယ၀န်ကြီးမှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မိမိတို့၀န်ကြီးဌာနအနေနှင့် ၀န်ကြီးဌာနအသီးသီးတွင် တာ၀န်ထမ်းဆောင်နေကြသော ၀န်ထမ်းများ၊ မိသားစုများကို ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်လာစေရေးအတွက် ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည် ဆေးတစ်ပါးဖြစ်သောကြောင့် မိမိတို့၀န်ကြီးဌာနအနေနှင့် ၂၀၁၇ခုနှစ်၊ Healthy Myanmar Seminar ခေါင်းစဉ်နှင့် National Sports Seminar ကျင်းပပြုလုပ်ပြီး ထွက်ပေါ်လာတဲ့ Outcome တွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခု သင်တန်းမှတဆင့် ပြည်သူတစ်ရပ်လုံး ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သည့် အလေ့အကျင့်များရရှိပြီး ကျန်းမာကြံ့ခိုင် သန်စွမ်းသော ၀န်ထမ်းမိသားစုများ၊ ပြည်သူများဖြစ်လာပြီး နိုင်ငံအကျိုးကို ဆထက်ထမ်းပိုး ပိုမို ထမ်းဆောင်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊  ပြည်နယ်/တိုင်းဒေသကြီးများတွင်ရှိသော ပြည်သူများ အသိအမြင်တိုးပွားပြီး ကိုယ်လက်လှုပ်ရှားမှုများ များပြားလာစေရေးအတွက် ပြည်နယ်/တိုင်းဒေသကြီးများမှ အားကစားမှူးများနှင့် ပညာရေးဌာနမှ အထက်တန်းပြ ကာယဆရာ/ဆရာများကိုလည်း ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဌာနများကို ပြန်လည်ရောက်ရှိသွားသည့်အခါ ဌာနအကြီးအကဲအဆင့်ဆင့်အားတင်ပြပြီး ၀န်ထမ်းများအားလုံး ကိုယ်လက်လှုပ်ရှား ဆောင်ရွက်နိုင်ရေးအတွက် စည်းရုံးဆောင်ရွက်သွားကြစေရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။ 
 
 
 
ဆက်လက်၍ ဒုတိယ၀န်ကြီးမှ  သင်တန်းနည်းပြများကိုယ်စား နည်းပြတစ်ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ပြီး၊ သင်တန်းသူ/သားများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
 
ဆက်လက်၍ ၀န်ကြီးဌာနအသီးသီးမှ Physical Fitness Dance/ Exercise သင်တန်းသား/ သင်တန်းသူများမှ Physical Fitness Dance/ Exercise အကများဖြင့် သရုပ်ပြသကြပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။
 
 

 


back to top Eng