ရန်ကုန်၊ နို၀င်ဘာလ(၂၇)ရက်။
(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၁၉ခုနှစ်အတွင်း ကျင်းပခဲ့သော ဘတ်စကက်ဘောပြိုင်ပွဲများအတွက် လှူဒါန်းခဲ့သော အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်(၁)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ SkyStar Hotel တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမြလေးစိန် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်နာယက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါက်တာဒေါ်နီနီ၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလှူရှင်များ တက်ရောက်ကြသည်။ရှေးဦးစွာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နာယက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်နီနီက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ် နာယက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်နီနီထံသို့ အလှူရှင်များက လှူဒါန်းငွေများ အသီးသီးပေးအပ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအားပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် SkyNet ရုပ်သံမှ ငွေကျပ် ၃၉၇၁၂၀၄၀/-လှူဒါန်းငွေ အပါအ၀င် အလှူရှင်များမှ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၆၈၁၁၁၉၉၀/- ဖြစ်ကြောင်းသိရှိရသည်။