ရန်ကုန်၊ မေလ( ၇ )ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနတို့၏ ထောက်ပံ့ကူညီမှု အာရှဟော်ကီအဖွဲ့ချုပ်နှင့် မလေးရှားနိုင်ငံ Ipoh မြို့ရှိ AHF Academy တို့ ကူညီပံ့ပိုးမှုဖြင့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသား Indoor ဟော်ကီအသင်းသည် မလေးရှားနိုင်ငံ Ipoh မြို့ရှိ AHF Academy တွင် မေလ(၁၇)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ ရက်(၂၀)ကြာ ပူးတွဲလေ့ကျင့်မှုများနှင့် လက်ရည်စစ်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန် သွားရောက်မည့် အားကစားသမားများအား တွေ့ဆုံသြဝါဒ အမှာစကား ပြောကြားခြင်းကို ယမန်နေ့ည (၅)နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။အစီအစဉ်အရ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်မှ တာ၀န်ရှိပုဂ္ဂိုလ်များက ကြိုတင်ပြင်ဆင် လေ့ကျင့်မှုနှင့် လက်ရည်စစ်ပြိုင်ပွဲများယှဉျပြိုင်ကစားရန်အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအမှာစကား ပြောကြားရာတွင် ကြိုတင်ပြင်ဆင်ထားမှုနှင့် အားကစားသမား တစ်ဦးချင်းစီ၏ ပြိုင်ပွဲ၀င်ရောက် ယှဉ်ပြိုင်နိုင်မှုနှင့် တိုးတက်မှုအခြေအနေများကို သိလိုခြင်းဖြစ်ကြောင်း၊ပြိုင်ပွဲ၀င် အားကစားသမားများ ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း ပိုမိုကောင်းမွန်သော ရလဒ်ဖြင့် ယှဉ်ပြိုင်စေလိုကြောင်း၊ ပြိုင်ပွဲမယှဉ်ပြိုင်မီ လုံလောက်သည့် Warming Upကို လုပ်ထားဖို့ လိုအပ်ပါကြောင်း၊ အားကစားသမားများ၏ ကျန်းမာရေးလည်း အရေးကြီးပြီးTraining ပြီးရင် ပြန်လည်ဖြည့်တင်းရမည့် အာဟာရနှင့် ပြိုင်ပွဲကာလအတွင်း လုံလောက်သော အစာအာဟာရများကို စနစ်တကျ ကျွေးမွေးဖို့ လိုအပ်ပြီး အားကစား သမားတိုင်း တားမြစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ဖို့လည်း အရေးကြီးပါကြောင်း၊ အားကစားသမားတိုင်း တားမြစ်ဆေးသုံးစွဲမှု ကင်းစင်ရေးအတွက် ကမ္ဘာ့နိုင်ငံများကလည်း စောင့်ကြည့် လုပ်ဆောင်နေပြီးဖြစ်ပါကြောင်း၊ အားကစားသမားများ တစ်ဦးချင်းစီ၏ ကျန်းမာရေး အခြေအနေများကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ အဖွဲ့ချုပ် တစ်ခုချင်းစီသို့ သွားရောက်ကာ ကျန်းမာရေးနှင့်စောင့်ရှောက်မှုများကို လုပ်ဆောင်ပေးနေပါကြောင်း၊ အထူးသဖြင့် သွားရောက်ပူးတွဲလေ့ကျင့်မည့် အားကစားသမားအများစုမှာ တပ်မတော်သားများ ဖြစ်သည့်အတွက် စည်းကမ်းအုပ်ချုပ်မှုအပိုင်းမှာ ပြည့်၀နေပြီးဖြစ်ပါကြောင်း၊ မိမိတို့၏ တစ်နေ့တာ ပူးတွဲလေ့ကျင့်မှုနှင့် လက်ရည်စစ်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရာတွင် ကြုံတွေခဲ့ရသည့် အကြောင်းအရာများအား နေ့စဉ် မှတ်တမ်းတင်ထားရှိရန် လမ်းညွှန် အားပေးစကားပြောကြားပြီးနောက် ဒုတိယ၀န်ကြီးမှ ပြိုင်ပွဲ၀င်အားကစား အဖွဲ့၀င်များအား အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများ တစ်ဦးချင်းအား နှုတ်ဆက်အားပေးခဲ့သည်။အဆိုပါ မြန်မာ့လက်ရွေးစင်ဟော်ကီအသင်းသည် အသင်းအုပ်ချုပ်သူ(၁)ဦး၊ နည်းပြ (၂)ဦး၊ အားကစားသမား (၁၆)ဦး၊ စုစုပေါင်း(၁၉)ဦးသည် မေလ(၁၇)ရက်နေ့တွင် သွားရောက် မည်ဖြစ်ကြောင်းသိရှိရသည်။