skip to content
 
ရန်ကုန်၊ ဖေဖော်ဝါရီလ( ၁၆  )ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် ယနေ့နေ့လယ်(၃)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ ဒုတိယဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ Hoku' etsu University Judo Federation President Yasuji Maki ဂျပန်နိုင်ငံတက္ကသိုလ် ကျောင်းသားများဂျူဒိုအဖွဲ့ အဖွဲ့ခေါင်းဆောင်များနှင့်လက်ခံတွေ့ဆုံခဲ့သည်။
 
 
ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်ကပြောကြားရာတွင် မြန်မာနိုင်ငံဂျူဒိုအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂)နှစ်နိုင်ငံချစ်ကြည်ရေးကို မြှင့်တင်ပေးခြင်းအတွက်များစွာ ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့၏ မြန်မာ့လက်ရွေးစင်ဂျူဒိုအားကစားသမားများအား ၂၀၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် အစွမ်းကုန်ပူးပေါင်းသင်ကြားပေးစေလိုကြောင်း၊ လိုအပ်ချက်အကူအညီများရှိပါက ရင်းနှီးပွင့်လင်းစွာပြောကြားရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံတက္ကသိုလ် ကျောင်းသားများဂျူဒိုအဖွဲ့မှလည်း All Japan Judo Federation မှတစ်ဆင့် မြက်ဖျာ(၁၃၇)ချပ်ကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သို့ လှူဒါန်းမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ခုနှစ်၊ တိုကျိုအိုလံပစ်ပြိုင်ပွဲအားရည်စူး၍ ဂျပန်နိုင်ငံတွင်လာရောက် ပူးတွဲလေ့ကျင့်စေလိုပါကြောင်း၊ မိမိတို့အဖွဲ့အား ဧည့်၀တ်ကျေပွန်စွာပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။
 
 
ယင်းနောက် ဒုတိယ၀န်ကြီး၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌဦးထွန်းထွန်း၊  ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ Hoku' etsu  University Judo Federation President Yasuji Maki  ဂျပန်နိုင်ငံတက္ကသိုလ် ကျောင်းသားများဂျူဒိုအဖွဲ့ အဖွဲ့ခေါင်းဆောင်များလိုက်ပါလျက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဂျူဒိုလေ့ကျင့်ရေးခန်းမတွင် Hoku' etsu  University Judo Federation ဂျပန်နိုင်ငံတက္ကသိုလ် ကျောင်းသားများဂျူဒိုအဖွဲ့(၁၄)ဦးနှင့် မြန်မာ့လက်ရွေးစင်ဂျူဒိုအားကစားသမားများပူးပေါင်းလေ့ကျင့်နေမှုအား ကြည့်ရှုအားပေးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
 
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာ့လက်ရွေးစင်ဟောင်းများအသင်းမှ တာ၀န်ရှိပုဂ္ဂိုလ်များတွေ့ဆုံခဲ့ပြီး  တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မြန်မာ့လက်ရွေးစင်ဟောင်းကြီးများက မြန်မာတစ်နိုင်ငံလုံးရှိ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ပေါင်းစပ်လုပ်ကိုင်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
 

back to top Eng