skip to content

ရန်ကုန်၊ စက်တင်ဘာလ (၂၁) ရက်။ 

မြန်မာနိုင်ငံ ကြက်တောင် အားကစားနည်း ဖွံ့ဖြိုး တိုးတက်လာစေရန်  အနာဂတ်မျိုးဆက်သစ် လူငယ်များရှာဖွေနိုင်ရေး၊ လူငယ် အားကစားသမားများအတွက် ပြိုင်ပွဲအတွေ့အကြုံကောင်းများ ပိုမိုရရှိစေနိုင်ရေးနှင့် နည်းစနစ်များ တိုးတက်ပြန့်ပွားပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကြက်တောင်အားကစားကို ကျယ်ပြန့်စွာသိရှိ လာစေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်း၍ Wow Sports တို့မှ ကြီးမှူးကျင်းပသော  1st SESSION KAWASAKI FUTURE STAR CUP 2019 ကြက်တောင်ရိုက်ပြိုင်ပွဲကို ယနေ့ နံနက် (၉) နာရီက  ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် အမှတ် ၃၂၀-၃၃၂၊ အနော်ရထာလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အမှုဆောင်များ၊ Wow Sports မှ ဒေါ်သီတာထိုက်၊Royal D မှ ဒေါ်စုသာနိုင်၊ Emaral Bay  မှ မစ္စတာချန်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် ပြိုင်ပွဲ၀င်အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်က အဖွင့်အမှာစကားပြောကြားပြီးWow Sports ဒေါ်သီတာထိုက်၊ Royal D မှ ဒေါ်စုသာနိုင်နှင့် Emaral Bay  မှ မစ္စတာချန်တို့က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ တစ်ဦးချင်းပြိုင်ပွဲတွင် အသက်(၉)နှစ်အောက် အမျိုးသား (၆)ဦး၊ အမျိုးသမီး (၅)ဦး၊ အသက်(၁၁)နှစ်အောက် အမျိုးသား(၂၆)ဦး ၊အမျိုးသမီး (၅)ဦး၊ အသက်(၁၃)နှစ်အောက် အမျိုးသား(၂၇)ဦး၊ အမျိုးသမီး(၁၃)ဦး၊ အသက်(၁၅)နှစ်အောက် အမျိုးသား(၂၁)ဦး၊ အမျိုးသမီး (၁၀)ဦး၊ အသက်(၁၇)နှစ်အောက် အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၄)ဦး၊ အသက်(၁၉)နှစ်အောက် အမျိုးသား(၁၂)ဦး စုစုပေါင်း (၁၄၁)ဦး ပြိုင်ပွဲ၀င်ကလပ် အသင်း(၁၂)သင်းတို့သည် စက်တင်ဘာလ(၂၄)ရက်နေ့ အထိ နံနက် (၉)နာရီမှ ညနေ (၆)နာရီအထိ ကျင်းပသွားမှာဖြစ်သည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များနှင့် အတူ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော စက်တင်ဘာလ(၂၇)ရက်နေ့မှ (၁၉) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အသက်(၁၈)နှစ်အောက် (၃)ယောက် တစ်ဖက်လူငယ် ဘတ်စကက်ဘောပြိုင်ပွဲ၊  ဂျပန်နိုင်ငံတွင်ကျင်းပမည့် စက်တင်ဘာလ (၂၉)ရက်နေ့မှ အောက်တိုဘာလ (၄)ရက်နေ့ အထိ Lethwei In Japan 14 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ရိုးရာလက်ဝှေ့၊  စက်တင်ဘာလ(၂၉)ရက်နေ့မှ အောက်တိုဘာလ(၂၈)ရက်နေ့အထိ အိန္ဒိယနိုင်ငံတွင် ပူးတွဲ လေ့ကျင့်သွားရောက်မည့် ဟော်ကီ၊ ကြက်တောင်၊ သေနတ်ပစ် အားကစားအဖွဲ့များအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များနှင့် ပူးတွဲလေ့ကျင့်မှုသွားမည့် အားကစားအဖွဲ့များက ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်နှင့် ပူးတွဲလေ့ကျင့်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယ၀န်ကြီးက အမှာစကားပြောကြားရာတွင် ဌာနအနေဖြင့် အားကစားသမားပေါ်ထွက်ရေး၊ Gress  Robe Levelတက်လာရေး၊ အားကစားကို စိတ်၀င်စားမှုများပြားရေး၊ အဖွဲ့ချုပ်(၄၉)ဖွဲ့မှ ဥက္ကဋ္ဌများ၏ ကူညီပံ့ပိုးမှုကိုလည်း လိုအပ်ပါကြောင်း၊ အုပ်ချုပ်/နည်းပြများ မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကို ကျစေမည့် ပုံရိပ်ကိစ္စရပ်များကို မပြုလုပ်စေရန်နှင့် စနစ်တကျဆောင်ရွက်စေလိုကြောင်း၊ ၊ ကစားသမား၊ နည်းပြများ မိမိတို့တစ်နေ့တာ လေ့ကျင့်မှုပြိုင်ပွဲများ ယှဉ်ပြိုင် ကစားရာတွင်  ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့နှင့် ပူးတွဲလေ့ကျင့်ရာတွင် မိမိနိုင်ငံအတွက် အကျိုးရှိမည့်လေ့ကျင့်ရေး၊ သင်ကြားရေး ၊ အနေအထိုင်၊ စားသောက်ရေး၊ ဆေးကုသရေးကအစ ရသမျှနည်းနဲ့ လုပ်ဆောင်မှုများကို ဗီဒီယိုနှင့် အသံဖိုင် မှတ်တမ်းတင် သိမ်းဆည်းလာစေရန်  အတုယူစရာများယူလာပြီး  ဒိုင်ယာရီနှင့်မှတ်သားထားရန်၊ နည်းပြ အုပ်ချုပ်နှင့်ကစားသမားများ သဟဇာတဖြစ်ရန် လိုအပ်ပါကြောင်း၊ တရားမ၀င်ပစ္စည်းများ မသယ်ရန်နှင့် အားကစားသမား အသုံးအဆောင် ပစ္စည်းများ အသင့်အတင့်ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ အားကစားသမားများကို ကာကွယ်ရန် အသက်အာမခံ လုပ်ထားသင့်ပါကြောင်း၊ အားကစားသမားပင်စင် ပေးနိုင်ရေး ကြိုးစားနေပါကြောင်း၊ အားကစားသမားများ ငယ်ရွယ်စဉ်ဘ၀မှ အသက်အရွယ်ရတဲ့အထိ ပြုစုစောင့်ရှောက်မည့် သီးသန့်ဘိုးဘွားရိပ်သာ ပြုလုပ်သွားရန် ရှိသင့်ပါကြောင်း၊ ရှေ့ဆက်ပြီး မြန်မာ့အားကစား တိုးတက်ဖို့အတွက် တစ်တောင့်တစ်နေရာကနေ ဝိုင်း၀န်းကူညီပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပြီး ဒုတိယ၀န်ကြီးနှင့် တာ၀န်ရှိပုဂ္ဂိုလ်များက ပြည်ပသို့သွားရောက်မည့် အားကစားအဖွဲ့၀င်များအား တစ်ဦးချင်း နှုတ်ဆက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 


back to top Eng