နေပြည်တော် ၊ နိုဝင်ဘာ (၃ဝ)ရက်။
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အောင်နိုင်ရေး အလံကို အပ်နှင်းသည်။
အခမ်းအနားသို့ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ အလှူရှင်များ၊ မြန်မာတက္ကသိုလ် အားကစားအဖွဲ့မှ အုပ်ချုပ်သူ၊ နည်းပြများ နှင့် အားကစားသမားမောင်/မယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေအား (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အသင်း အုပ်ချုပ်သူများ၊ နည်းပြများနှင့်အားကစားသမားများက အဖွဲ့အလိုက် မိတ်ဆက်ဂါရဝပြုကြသည်။
ထို့နောက် ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁ဝ ရက်မှ ၁၉ ရက် အထိ (၁ဝ)ရက်ကြာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည် ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ဂုဏ်ယူရမည့် သမိုင်းမှတ်တမ်းတစ်ခုဖြစ်ပါကြောင်း။
ယခုကျင်းပမည့် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၂ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရှိရပြီး အားကစားနည်း ၁၇ နည်းကို ပြိုင်ပွဲပေါင်း ၂ဝ၁ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အုပ်ချုပ်သူ/ နည်းပြ ၁ဝ၄ ဦး၊ အားကစားသမား ၃၅၄ ဦး၊ စုစုပေါင်း ၄၅၈ ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့ အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်များ ပိုမိုရရှိအောင် တက်ညီလက်ညီနှင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြမည်ဆိုပါက မြန်မာတက္ကသိုလ် အားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုထွန်းတောက်မှတ်တမ်းတင်သွားနိုင်မည်ဖြစ်ပါကြောင်း။
အားကစားပြိုင်ပွဲများသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားမှုကို ပီပြင်စွာဖော်ထုတ် ပြသနိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်သကဲ့သို့ ထိရောက်ကောင်းမွန်သည့် သံတမန်လမ်းကြောင်း တစ်ခုလည်း ဖြစ်ပါကြောင်း၊ အားကစားလှုပ်ရှားမှုများမှတစ်ဆင့် အာဆီယံနိုင်ငံများအကြား အပြန်အလှန်နားလည်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးအတွက် ရည်ရွယ်ပြီး အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် လည်း “လူငယ်နှင့် ချစ်ကြည်ရေး (Youth and Friendship)” ဟူသည့် ဆောင်ပုဒ်ကို ချမှတ်ပြီး ပြိုင်ပွဲကြီးကို လက်ခံကျင်းပခြင်းဖြစ်ပါကြောင်း၊ “နိုင်ငံတကာချစ်ကြည်ရေး” ကို ယခုကဲ့သို့ အားကစား ပွဲတော်များကတစ်ဆင့် အားပေးမြှင့်တင်ရာလည်း ရောက်ပါကြောင်း၊ အာဆီယံညီအစ်ကိုများ အကြား နားလည်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှု ပေါင်းကူးတံတား တည်ဆောက်နိုင်သည့် အခွင့်လမ်းကောင်းများလည်း ရရှိမည်ဖြစ်ပါကြောင်း။
အားကစားပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့ နိုင်ငံ၏ အားကစား စိတ်ဓာတ်၊ အားကစားအရည်အသွေးနှင့် ဂုဏ်သိက္ခာများကို ဖော်ထုတ်ပြသသည့် ပွဲလည်းဖြစ်ပါကြောင်း၊ အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ယခုကဲ့သို့ နိုင်ငံ့ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသော ဂုဏ်ဒြပ်နှင့် အခွင့်အလမ်းဖြစ်သည်ကို အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများက သတိချပ်ကြရန် လိုအပ်ပါကြောင်း။
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့ကို အပ်နှင်းလိုက်မည့် အောင်နိုင်ရေး နိုင်ငံတော်အလံသည် ဂုဏ်ဒြပ်ရော၊ အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြုနေသည်ဆိုသည့် ခံယူချက်နှင့် ပြိုင်ပွဲတိုင်းတွင် မိမိနိုင်ငံ၏ အောင်လံ တလူလူ လွင့်ပျံနေအောင် ရေကုန်ရေခမ်း အစွမ်းကုန် ကြိုးစားမည်ဟု သန္နိဌာန်ချပြီး ယှဉ်ပြိုင်သွားကြရန် ပြောကြားလိုပါကြောင်း။
ယနေ့ဆိုလျှင် ပြိုင်ပွဲကျင်းပရန် ၉ ရက်သာ လိုတော့သည့်အတွက် နိုင်ငံ့ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ သက်လုံ ကောင်းမွန်မှု၊ အားကစား စွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်း ကောင်းမွန်မှုနှင့် စိတ်ဓာတ် ကောင်းမွန်မှု စသည့်အချက်များ ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာရှိနေပြီဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲဝင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲတိုင်းတွင် အောင်နိုင်ခြင်းအားဖြင့် အမိနိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေးတာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ခြင်းဖြစ်သည့်အတွက် မြန်မာတက္ကသိုလ်အားကစားအဖွဲ့ဝင်များအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ကာ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပြိုင်ပွဲစည်းကမ်းများနှင့် အညီ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားကြရန် ပြောကြားလိုပါကြောင်း။
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယခုကဲ့သို့ လက်ခံကျင်းပ နိုင်ရေးနှင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဖက်ဖက်က ကူညီအားပေးခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူများနှင့် အားကစားဝါသနာရှင်များကို နိုင်ငံတော်ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း။
ယခုကဲ့သို့ “အားကစားပြိုင်ပွဲများသည် နိုင်ငံတကာချစ်ကြည်ရေးကို အားမြှင့်ပေးသည့်အပြင် လူငယ်များအချင်းချင်း အားကစားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ယဉ်ကျေးမှုများကို အပြန်အလှန်လေ့လာဖလှယ်ခွင့် ရရှိစေမည်ဖြစ်ပါကြောင်း”၊ မြန်မာနိုင်ငံသို့ လာရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံ့ကိုယ်စားပြုအားကစားသမားများကို အသင်းအဖွဲ့စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ဖြင့် ရိုင်းပင်း ကူညီသွားကြရန်နှင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက် အစဉ်အလာကောင်း များနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင်သွားကြရန် ပြောကြားလိုပါကြောင်း။
အထူးသဖြင့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားမောင်/မယ်များအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေအောင် “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသည့်စိတ်ဓာတ်ဖြင့် ရေကုန်ရေခမ်းကြိုးပမ်းယှဉ်ပြိုင်အနိုင်ယူသွားကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာတက္ကသိုလ် အားကစားအဖွဲ့ အောင်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ အပ်နှင်းသည်။
ဆက်လက်၍ ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေးအတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ တက္ကသိုလ်အားကစားအဖွဲ့များမှ အုပ်ချုပ်သူ/နည်းပြများ နှင့် အားကစားသမားမောင်/မယ်များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။