skip to content
နေပြည်တော်၊ အောက်တိုဘာ(၈)ရက်။      
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစိုက်မတ်မတ် ရည်ရွယ်ချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ ပြည်သူများ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရမည်ဟူသောအသိရရှိစေရန်နှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးခေါင်းစဉ်  Exercise is Medicine ဆောင်ပုဒ်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ဒေသခံအစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
 
 
သို့ဖြစ်ပါ၍ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ၀န်ထမ်းများ ကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားလေ့ကျင့်ခန်းများအားလပ်ချိန်တွင်ပြုလုပ်နိုင်ရန်အတွက် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ရေကူးအားကစားပြုလုပ်စေခြင်း၊ ၀ဏ္ဏသိဒ္ဓိအားကစား၀န်းအတွင်း စက်ဘီးများအား ၀န်ထမ်းကတ်ပြ၍အခမဲ့စီးနင်းစေခြင်း၊ အားကစား၀န်းအတွင်း လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ရာတွင် Outdoor Fitness ကိရိယာများထားရှိခြင်းတို့ကို ဆောင်ရွက်ထားရှိသည့်အပြင် ယခုအခါ ၀န်ထမ်းများအားလပ်ချိန် GYM ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ လေ့ကျင့်မှုများပြုလုပ်နိုင်ရန် GYM Fitness Centre ကို၀ဏ္ဏသိဒ္ဓိအားကစား၀န်းအတွင်း ပြင်ဆင်ထားရှိမှု အခြေအနေများအား ယနေ့၊ နေ့လယ်(၁၂)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
 
  
 
ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးမှ သွားရောက်ကြည့်ရှုစစ်ဆေးရာ GYM Fitness Centre ခန်းမသို့လေ့ကျင့်ခန်းစက်ကိရိယာများ ပြင်ဆင်ထားရှိမှု အခြေအနေ၊ နည်းပြလေ့ကျင့်ကို အကူသင်ကြားပြသရန်ပြင်ဆင်ထားရှိမှုအ၀တ်အစားလဲလှယ်ခန်းထားရှိမှု အခြေအနေတို့အား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လိုက်လံရှင်းလင်းပြသပြီး အားကစားနည်းစက်ကိရိယာများကိုင်တွယ်လေ့ကျင့်ရန်အတွက်  အားကစားနည်းအလိုက် နည်းပြများမှ စက်ကိရိယာများကိုင်တွယ်အသုံးပြုပုံကို သရုပ်ပြသခဲ့ကြပါသည်။
 
 
 
ထို့နောက် ပြည်ထောင်စု၀န်ကြီးမှ GYM Fitness Centre တွင် လေ၀င်လေထွက်စနစ်ကောင်းမွန်မှုရရှိစေရန် စက်ကိရိယာများကို ၀န်ထမ်းများကိုင်တွယ်အသုံးပြုရာတွင် လွယ်ကူမှုရှိစေရန်၊ စက်ကိရိယာများပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ၀န်ထမ်းများလွယ်လင့်တကူလာရောက်လေ့ကျင့်ခန်းပြုလုပ်နိုင်ရန်၊ ၀န်ထမ်းများလေ့ကျင့်ရာတွင် အားကစားနည်းအလိုက် လိုသလိုအသုံးပြုနိုင်ရန်၊ လေ့ကျင့်ခွင့်ကတ်အားစနစ်တကျ မှတ်ပုံတင်ပြီးမှ အခမဲ့လေ့ကျင့်နိုင်စေရန် လေ့ကျင့်ချိန်အား မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပြုလုပ်ပြီး လေ့ကျုင့်ခွင့်ပေးရန် လာရောက်လေ့ကျင့်သော ၀န်ထမ်းအင်အားပေါ်မူတည်၍ လေ့ကျင့်ချိန်ကို လိုသလိုပြုပြင်ပြောင်းလဲတိုးချဲ့နိုင်ရန်အတွက် နေ့စဉ်လာရောက်လေ့ကျင့်မှုအား မှတ် တမ်းတင်ထားရှိရန်၊ ၀န်ထမ်းများအခမဲ့လာရောက်လေ့ကျင့်နိုင်သည်ကို ၀န်ထမ်းများသိရှိနိုင်စေရန်အတွက် အသိပေးကြော်ငြာဆောင်ရွက်ရန်၊ လိုအပ်ပါကလေ့ကျင့်မှုအင်အားကိုမူတည်၍ စက်ကိရိယာများ တပ်ဆင်တိုးချဲ့ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။
 
 
 
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးဒေါက်တာမြင့်ထွေးသည် GYM လာရောက်လေ့ကျင့်သော ၀န်ထမ်းများ အပန်းဖြေစားသောက်နိုင်ရန်အတွက် တွဲလျက်ဖွင့်လှစ်ထားရှိသော စားသောက်ဆိုင်အားလှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
 
 
 
အဆိုပါ ပြည်ထောင်စုနယ်မြေရှိ ၀န်ထမ်းများကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်နိုင်စေရန် တည်ဆောက်ထားသော GYM Fitness Centre သည် အနံပေ(၆၀)၊ အလျားပေ(၁၂၀) ကျယ်၀န်းသော အဆောက်အဦးခန်းမဖြစ်ပြီး အားကစားခန်းမအတွင်း GYM လေ့ကျင့်ခန်းအသုံးပြုရာတွင် နှလုံးလည်ပတ်မှုအားကောင်းစေရန် စက်ကိရိယာအုပ်စု ကြွက်သားများကြံ့ခိုင်သန်စွမ်းမှုရှိစေရန် စက်ကိရိယာအုပ်စု၊ အခြားအားကစားနည်းအလိုက် စွယ်စုံရအသုံးပြုနိုင်သော စက်ကိရိယာအုပ်စုဟူ၍ ခွဲခြားထားရှိကြောင်း၊ စက်ကိရိယာပစ္စည်း(၂၆)မျိုးထားရှိပြီး စက်ကိရိယာပစ္စည်းတန်ဖိုး စုစုပေါင်းခန့်မှန်းငွေ (၁၇၅၇)သိန်း၊ အဆောက်အဦးတန်ဖိုး(၆၂၄၅)သိန်းခန့် ကုန်ကျခဲ့ကြောင်းနှင့် အောက်တိုဘာ (၁၆)ရက် နေ့မှစ၍ GYM Fitness Centre ခန်းမအား ၀န်ထမ်းများအနေဖြင့် စနစ်တကျမှတ်ပုံတင်၀င်ခွင့်ကတ်ပြုလုပ်ပြီး အခမဲ့လာရောက်လေ့ကျင့်နိုင်ကြောင်း သိရှိနိုင်ပါသည်။
 

back to top Eng