တောင်ကြီးမြို့ ဧပြီလ ၃ ရက်။ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂၀၁၉ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ ယနေ့ညနေ ၃:၀၀ က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာ၌ သင်တန်းသားများအနေဖြင့် မိမိ၏ အားကစားနည်းများကို တိုးတက်လာအောင် ဆက်လက်လေ့ကျင့်အားထုတ်သွားကြရန်၊ အားကစားလောက ဖွံ့ဖြိုးတိုးတက်လာအောင် အားကစားသမားကောင်းတစ်ဦးမှာ မရှိမဖြစ်လိုအပ်သည့် စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ ကြံ့ခိုင်မှု၊ ကွၽမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုဆိုသည့် အချက်(၅)ချက်နှင့် ပြည့်စုံအောင် မိမိကိုယ်မိမိ အမြဲမပြတ် လေ့ကျင့် ပျိုးထောင်သွားကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ထိုနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ နည်းပြဆရာဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ထို့နောက် တိုက်ကွမ်ဒို၊ ကရာတေးဒို(ကျို့ရှင်း)၊ ကရာတေးဒို(ရှိုတိုကန်)၊ မြန်မာ့သိုင်း၊ ရိုးရာခြင်း၊ Physical Fitness Dance သင်တန်းသား၊ သင်တန်းသူများမှ မိမိတို့သင်ကြားခဲ့သည့် အားကစားနည်းများအလိုက်သရုပ်ပြသခဲ့သည်။
နွေရာသီအားကစားသင်တန်းများ ကျင်းပရခြင်းမှာ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓါတ် ပိုမိုအသက်ဝင် ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသည့် အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းမှသည် အမျိုးသား အားကစား အဆင့်အတန်းကို တိုးတက်မြင့်မားလာစေရန်၊ နွေရာသီသင်တန်းမှ တစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်း ပိတ်အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားကို ငယ်စဉ်ကတည်းက စနစ်တကျ တတ်သိနားလည် လေ့ကျင့်လာစေရန် ရည်ရွယ်ပြီး အားကစားနည်း( ၁၈ )မျိုးကို အခြေခံပညာကျောင်းများမှ ကျောင်းသား / ကျောင်းသူများ စုစုပေါင်း (၁၈၅၀)ဦးအား မတ်လ ၄ရက် နေ့မှ ဧပြီလ ၃ ရက်နေ့ အထိ သင်ကြားပို့ချပေးခဲ့သည်။