ရန်ကုန်၊ ဇူလိုင်လ(၇)ရက်။
န၀မအကြိမ်မြောက်မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဖလား ရွက်လှေ ပြိုင်ပွဲနှင့် ၂၀၁၉ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ်ရွက်လှေပြိုင်ပွဲကို ဇွန်လ(၂၂-၂၃)ရက်နှင့် (၂၉-၃၀) ရက်နေ့များတွင်ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ရာ အားကစားသမားများအား ဆုချီးမြှင့်ခြင်း နှင့်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့ည(၆)နာရီခွဲ၌ ရန်ကုန်မြို့ အင်းယားကန် ရန်ကုန်ရွက်လှေအသင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ကာ ဆုများချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးတင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ဇွန်လ(၂၃)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များက နှစ်စဉ်ကျင်းပပြုလုပ်ကြပါသည်။ ယင်းကဲ့သို့ ကျင်းပပြုလုပ် ကြရာတွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (International Olympic Committee) ၏ သတ်မှတ်ထားချက်အရ အိုလံပစ်နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲ (Olympic Day Movement) များကို ဇွန်လ(၂၃)ရက်မတိုင်မီ၊ ရက်သတ္တပတ်(၁)ပတ်နှင့် ကျော်လွန်ပြီး ရက်သတ္တပတ်(၁)ပတ်အတွင်း ကျင်းပပြုလုပ်ကြရပါကြောင်း၊ နှစ်စဉ်အစဉ်အလာအရ ကျင်းပရ သည့် အိုလံပစ်နေ့အထိမ်းအမှတ်ရွက်လှေပြိုင်ပွဲများ ပိုပြီး သက်၀င်လှုပ်ရှားစေရန် ၊ ရွက်လှေ အားကစားသမားများ အဖွဲ့လိုက်ယှဉ်ပြိုင်မှုအတွေ့အကြုံရရှိစေရန်၊ ရွက်လှေအားကစားသမား အချင်းချင်းနှင့် ရွက်လှေမိသားစု၀င်များ ပိုမိုထိတွေ့ရင်းနှီးစွာ ယှဉ်ပြိုင်ကြခြင်းမှတဆင့်၊ အရည်အသွေးမီအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားရွက်လှေပြိုင်ပွဲများကို ၂၀၁၀ခုနှစ်မှစတင်ပြီး ပူးတွဲကျင်းပပေးခဲ့ရာ ယခု န၀မအကြိမ်မြောက် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားနှင့် အိုလံပစ်နေ့အထိမ်း အမှတ်ရွက်လှေပြိုင်ပွဲများကို ကျင်းပပေးခဲ့ခြင်းဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့၀င် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမိုးမြင့်က ပြိုင်ပွဲ၀င်အသင်းများ၏ စပွန်ဆာများအား မိတ်ဆက်ပေးပြီး အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် အဖွဲ့၀င် Optimist Dinghy Association of Myanmar ဥက္ကဋ္ဌဦးနေမျိုးအောင်၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်၀င်းတို့က ၂၀၁၉ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် ရွက်လှေပြိုင်ပွဲ Triathlon , Optimist Open Class , Laser Radial (Open) Class, Sharpic A Class , Rater Class ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် Champion - Team Toshiba အသင်း၊ ရန်ကုန် ရွက်လှေအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးတင်မှ အသင်းလိုက် ဒုတိယဆုရ Team YKKO အသင်းနှင့် တပ်မတော်လှေလှော်ရွက်တိုက်ကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရွက်လှေအဖွဲကချုပ် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးတက်လွင်ထွန်းမှ တတိယဆုရ Team COB အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များကို ချီးမြှင့်ပေးခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်တို့မှ ၂၀၁၉ခုနှစ်၊ န၀မအကြိမ်မြောက် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ရွက်လှေပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိသွားသည့် Team Toshiba အသင်းအား တံခွန်စိုက်ဆုဖလားနှင့် အတူဆင့်ပွားဆုဖလားချီးမြှင့်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။