skip to content

ပဲခူး၊ မတ်လ(၁)ရက်။

ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး တိုင်း၊ ခရိုင်၊ မြို့နယ် အား/ကာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး နွေရာသီအခြေခံအားကစား သင်တန်းများကို မတ်လ(၁)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ပဲခူးမြို့ရှိ နေရာအသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည့် အားကစားသင်တန်းများအနေဖြင့် တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘော၊ အလေးမ၊ Fitness Dance နှင့် မြန်မာ့သိုင်း၊ ကြက်တောင်စသည့်အားကစားနည်း(၁၀)မျိုးဖြစ်ပြီး တင်းနစ်သင်တန်းကို ဟင်္သာတင်းနစ်ကွင်း၌ သင်တန်းသား/သူ(၈၀)ဦးအားလည်းကောင်း၊ ပိုက်ကျော်ခြင်းသင်တန်းကို တိုင်းဒေသကြီးအားကစားခန်းမ၌ သင်တန်းသား/သူ(၅၀)ဦးအားလည်းကောင်း၊ ဘောလုံးသင်တန်းကို ဥဿာမြို့သစ် အားကစားကွင်း၊ ဟင်္သာကုန်းဘောလုံးကွင်း၊ ကျိုက်ဒေးယုံကျေးရွာဘောလုံးကွင်းနှင့် မင်္ဂလာရာမဘုန်းကြီးကျောင်းဝန်းတို့တွင် သင်တန်းသား/သူ(၁၀၀)ဦးအားလည်းကောင်း၊ ကရာတေးဒိုသင်တန်းကို တိုင်းဒေသကြီးအားကစားခန်းမ၌ သင်တန်းသား/သူ(၁၀၀)ဦးတို့အားလည်းကောင်း၊ စားပွဲတင်တင်းနစ်သင်တန်းကို တိုင်းဒေသကြီးအားကစားခန်းမ၌ သင်တန်းသား/သူ(၅၀)ဦးအားလည်းကောင်း၊ ဘတ်စကက်ဘောသင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သင်တန်းသား/သူ(၅၀)ဦးအားလည်းကောင်း၊ အလေးမသင်တန်းကို တိုင်းဒေသကြီးအလေးမရုံ၌ သင်တန်းသား/သူ(၂၀)ဦးအားလည်းကောင်း၊ Fitness Dance သင်တန်းကို တိုင်းအားကစားခန်းမတွင် သင်တန်းသား/သူ(၇၀)ဦးအားလည်းကောင်း၊ မြန်မာ့သိုင်းသင်တန်းကို တိုင်းအားကစားခန်းမ၌ သင်တန်းသား/သူ(၅၀)ဦး အားလည်းကောင်း သင်တန်းအချိန်ခွဲ၍ မတ်လ(၁)ရက်နေ့မှ ဧပြီလ(၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

  

၂၀၁၉ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့်အတိုင်း နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် ဒေသနှင့်လိုက်လျောညီထွေမှုရှိပြီး လူအများ စိတ်ပါဝင်စားသည့် အားကစားနည်းများကို အခြေခံလျက် ကျောင်းသား/သူများကို အဓိကဦးတည်စည်းရုံးကာ နွေရာသီအားကစားသင်တန်းများမှတဆင့် ဗီဇပါရမီရင့်သန်ပြီး အောင်မြင်မှုအလားအလာရှိသော ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအဖြစ်သို့ ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောကြားကြောင်း သတင်းရရှိသည်။

 


back to top Eng