ပြင်ဦးလွင်၊ မတ်လ( ၂)ရက်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ (အခြေခံ) အားကစား သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၈) နာရီခွဲက ပြင်ဦးလွင်ခရိုင် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းအလိုက်ဆပ်ကော်မတီဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ လူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒု - ခရိုင်ပညာရေးမှူး ဦးအုံးလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အားကစားမှူး ဦးကျော်သူဆွေမှ နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်မောင်မယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓါတ်များ ပိုမိုသက်ဝင်ယုံကြည်ကာ ကာယ၊ ဉာဏ၊ စရိတ္တဘက်စုံဖွံ့ဖြိုးတိုး တက်လာစေရေး ၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားစေခြင်းဖြင့် အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ နွေရာသီ အခြေခံအားကစားသင်တန်းများမှ ဗီဇပါရမီ ရင့်သန်၍ အောင်မြင်မှု အလားအလာရှိသော ရွက်ပုံးသီး မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး ဆက်လက်လေ့ကျင့်ပေးသွားနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ နွေရာသီ အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် တိုက်ကွမ်ဒို၊ ကရာတေးဒို၊ မြန်မာသိုင်း၊ အိုက်ကီဒို၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ ကြက်တောင်၊ Myanmar Fitness Dance စသည့် အားကစားနည်း (၁၁) မျိုးကို (၁၆ -၂ -၂ဝ၁၉ ) ရက်နေ့မှ (၁ - ၃ - ၂ဝ၁၉) ရက်နေ့အထိ သင်တန်းသားဦးရေ (၃ဝဝ) ဦးခန့်တို့အား လက်တွေ့ သင်ကြားပို့ချခဲ့ရာ ဆုရရှိကြသော အားကစားသမားများကို တာဝန်ရှိသူများမှ ဆုငွေ၊ ဆုဖလားတို့ဖြင့် အသီးသီးဆုများ ချီးမြှင့်ခဲ့ပြီး အားကစားနည်းအလိုက် အားကစားသမားများမှ သရုပ်ပြသခဲ့ကြောင်း သိရသည်။