skip to content
 
နေပြည်တော်၊ စက်တင်ဘာလ(၁၇)ရက်။
 
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ပေးသည့် ဦးစီးအရာရှိရာထူးနှင့် အဆင့်တူရာထူးနေရာများသို့ခန့်ထားသူများအားတွေ့ဆုံလမ်းညွှန်မှု အခမ်းအနားအား ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရာထူးဝန်မှ ရွေးချယ် ပေးထားသောဦးစီးအရာရှိရာထူးနှင့်အဆင့်တူအရာရှိ(၃၂)ဦး တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်အား ဦးစီးအရာရှိများမှ တစ်ဦးချင်းမိတ်ဆက် ဂါရဝပြုကြပါသည်။
 
 
 
ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ တက်ရောက်လာကြသော ဦးစီးအရာရှိများအား အရာရှိသင်တန်းတွင် စာတွေ့၊ လက်တွေ့များဖြင့် သင်ကြားပို့ချပေးပြီး ဖြစ်ပါသောကြောင့် သင်ကြားထားသောပညာရပ်များကို မိမိတို့လုပ်ငန်းနယ်ပယ်များတွင်လက်တွေ့အသုံးချပြီး မိမိတို့၏ အားကစားလောကဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံဝန်ထမ်းဆိုင်ရာ ဥပဒေများ၊ ဘဏ္ဏာရေးဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ၊ အားကစားကွင်း/ရုံများ၊ အားကစားနည်းများကို ကျွမ်းကျင်စွာပိုင်နိုင်စွာ သိရှိထားရမည်ဖြစ်ပြီး မိမိတို့တွင်ရှိသော ပင်ကိုယ်စွမ်းရည်နှင့် အရည်အချင်းများကို လက်တွေ့အသုံးချကာမိမိတို့ ဝန်ကြီးဌာန၏ ပုံရိပ်အား မြင့်တင်ပေးစေလိုကြောင်း၊ နိုင်ငံတကာတွင် အားကစားလောက ထိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် English ဘာသာစကား၊  ကွန်ပျူတာနည်းပညာများ၊ အားကစားဆိုင်ရာများနှင့် ပတ်သက်သောအကြောင်းအရာများအား အပတ်တကုပ်လေ့လာ သင်ကြားပြီး ထူးချွန်ထက်မြက်သော အရာရှိများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊  ဒေသဆိုင်ရာပြည်သူများနှင့်အတူ ပူးပေါင်း၍ အားကစားလုပ်ငန်းများအား အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ကြစေလိုကြောင်း၊  မိမိတို့တာဝန်ကျရာဒေသတွင် ငွေကြေး အလွဲသုံးစားမှုကိစ္စများကို အထူးဂရုပြုရှောင်ရှားကြစေလိုကြောင်း၊ ဝန်ထမ်း စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ မိမိတို့လက်အောက်ရှိ ဝန်ထမ်းများအားစနစ်တကျ အုပ်ချုပ်ကွပ်ကဲရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
 
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်မှ တက်ရောက်လာကြသော ဦးစီးအရာရှိများအား သက်ဆိုင်ရာနယ်ပယ်ဌာနခွဲများတွင် တာဝန်ကျ ခန့်အပ်အမိန့်များအား ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။
 

back to top Eng