skip to content

 

ရန်ကုန်၊ ဧပြီလ( ၂ဝ )ရက်။

 

မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်သည် ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့၊ အမျိုးသား အားကစားပြိုင်ပွဲရုံ (သုဝဏ္ဏ) ပတ္တမြားခန်းမ၌ ဧပြီလ (၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ 18 th AKF Cadet, Junior ကရာတေးပြိုင်ပွဲတွင် ဒိုင်တာဝန်နှင့် ဒိုင်လူကြီးစာမေးပွဲဖြေဆိုရန်အတွက် ဦးမြင့်အောင်နှင့် ဦးအောင်ထင်ကျော်၊ JB Kumite  ဖြေဆိုရန်နှင့် JB Jata သက်တမ်းတိုးရန်နှင့် ဒိုင်တာဝန်ထမ်းဆောင်ရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွွှန်ကြားရေးမှူး ဒေါ်မိုင်အိုလီဗာ ယင်းဝှာထောင်းလွယ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ကြပ်ကြီး ဝင်းဇော်၊ နည်းပြလိုင်စင် အသစ်ဖြေဆိုရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ/နည်းစနစ်မှူး ဦးအောင်ကျော်စိုးတို့အားလည်းကောင်း၊ ဧပြီလ (၂၁)ရက်နေ့မှ (၂၉) ရက်နေ့ အထိ ဂျပန်နိုင်ငံ (Nobeoka)မြို့သို့ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌအား Kodokan ခါးစည်းချီးမြှင့်ခြင်းနှင့် Tokyo Judo Therapy ကျောင်းလေ့လာရေးခရီးစဉ် သွားရောက်ရန်အတွက် အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း၊ ဒုတိယဥက္ကဌ ဦးဦးခိုင်နှင့် အမှုဆောင်များအဖြစ် ဦးမင်းသိန်းနှင့် ဦးဇော်ထွန်းနိုင်တို့အားလည်းကောင်း၊ ကနေဒါနိုင်ငံ၌ IOC Diploma in Sports Medicine (၂)နှစ် သင်တန်းတက်ရောက်သင်ကြားမည့် အားကစားနှင့်ကာယပညာဦးစီးဌာန ဆေးဘက်ဌာနမှ လက်ထောက် ဆရာဝန်များဖြစ်ကြသည့် ဒေါက်တာ ဝင်းမင်းသန့်နှင့် ဒေါက်တာ ဝဏ္ဏ တို့အား လက်ခံတွေ့ဆုံ လမ်းညွှန်မှာကြားကာ အားပေးစကားပြောကြားခဲ့သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်အား မလေးရှားနိုင်ငံသို့ သွားရောက်မည့် ကရာတေးဒိုင်လူကြီးနှင့်နည်းပြအဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးပြီး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက ကြိုတင်ပြင်ဆင်ကာ စေလွှတ်ရသည့်အကြောင်း ရှင်းလင်းတင်ပြ၍ လည်းကောင်း၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာဝင်းဇော်မှ နိုင်ငံတကာ အဆင့်မီ ဒိုင်လူကြီးနှင့် ပြိုင်ပွဲအတွင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် နည်းပြအဖြစ် ရရှိစေရန်အတွက် စာမေးပွဲ အဆင့်ဆင့်ဖြေဆိုမှုများကို ရှင်းလင်းတင်ပြ၍လည်းကောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ဂျပန်နိုင်ငံ (Tokyo) မြို့နှင့်   (Nobeoka)မြို့များတွင်  All Judo Federation ဥက္ကဌ   Mr. Yamashita နှင့်  Kodokan ဥက္ကဌ Mr.Uemura တို့တွေ့ဆုံကာ မြန်မာ-ဂျပန် ဂျူဒိုအားကစားတိုးတက်ရေး၊ အပြန်အလှန်  Joint Training ပေးနိုင်ရေးနှင့် တိုးတက်နေသည့် ဂျူဒိုအားကစား နည်းစနစ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အပြင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းအား Kodokan ဥက္ကဌ  Mr.Uemura မှ Kodokan ခါးစည်းချီးမြှင့်ခြင်းနှင့် Tokyo Judo Therapy ကျောင်းသို့သွားရောက်လေ့လာမည့် အစီအစဉ်များကိုလည်းကောင်း၊ ကနေဒါနိုင်ငံ၌  IOC Diploma in Sports Medicine (၂)နှစ်ကြာသင်တန်း တက်ရောက်ကြမည့်  အားကစားနှင့်ဆေးပညာဆိုင်ရာ နောက်ဆုံးနှစ် စာမေးပွဲဖြေဆိုရန်နှင့် Practical Workshop တက်ရောက်မည့် အစီအစဉ်များအားလည်းကောင်း သက်ဆိုင်ရာအားကစားကိုယ်စားလှယ် အသီးသီးမှ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ပြည်ပနိုင်ငံများသို့ သွားရောက်ကြမည့် အားကစားကိုယ်စားလှယ်အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံရဲ့ အားကစားသည် နိုင်ငံတကာနှင့် ယှဉ်ရင် အဘက်ဘက်မှ နိမ့်ကျနေတာဖြစ်တဲ့အတွက်ကြောင့် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် နိုင်ငံတကာနှင့် ချိတ်ဆက်ကာ ခေတ်နှင့်အညီ တိုးတက်နေသည့် အားကစားနည်းစနစ်နှင့် အားကစားဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ ပြည်ပနိုင်ငံများသို့ စေလွှတ်၍လည်းကောင်း၊ မိမိနိုင်ငံသို့ ဖိတ်ကြားကာ သင်ကြားပို့ချ၍ လည်းကောင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဒီလိုလုပ်ဆောင်မှသာအားကစားနည်းပြကောင်းများရရှိပြီး အားကစားသမားများကိုလိုရာပုံသွင်းစနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ထို့အပြင် ဒိုင်လူကြီး၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးပါကြောင်း၊

 

အရှေ့တောင်အာရှမှ အာရှအဆင့်ထိ တက်လှမ်းနိုင်ရန် အလွန်အရေးကြီးပါကြောင်း၊ အဲဒီလိုတက်လှမ်းနိုင်ဖို့ မိမိတာဝန်ယူထားရသည့်  အားကစားနည်းစနစ်များ  ၊ စည်းမျဉ်း၊ စည်းကမ်း၊ နည်းဥပဒေများ၊ အမှတ်ပေးစနစ်များကို နားလည်တက်ကျွမ်းထားရမှာဖြစ်ပြီး ဒိုင်စာမေးပွဲများကို နှစ်စဉ်ဖြေဆိုအောင်မြင်နေမှသာ နိုင်ငံတကာအဆင့်မီ ဒိုင်လူကြီးကောင်း တစ်ယောက်ဖြစ်လာမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးဆောင်သည့် (Tokyo) မြို့နှင့် (Nobeoka) မြို့များသို့ သွားရောက်ကြမည့် ကိုယ်စားလှယ်များအနေဖြင့် Nobeoka City တွင် Host Town and Cultural Exchange အကြောင်း နှစ်ဦးနှစ်ဖက်ဆွေးနွေးရာတွင် မြန်မာဂျူဒိုအားကစား တိုးတက်ရေးအတွက် ၄င်းတို့ဘက်မှ အကူအညီပေးနိုင်မည့် အခြေအနေများကို အဓိကထား ဆွေးနွေးစေလိုကြောင်း၊ All Judo အဖွဲ့ချုပ် ဥက္ကဌနှင့် Kodokan ဥက္ကဌ များနှင့် တွေ့ဆုံရာတွင် ဂျူဒိုအားကစားနည်းစနစ်နှင့် နည်းပြဆရာရရှိနိုင်မှု၊ နှစ်နိုင်ငံပူးပေါင်းလေ့ကျင့်နိုင်မှုများကို ဆွေးနွေးစေလိုကြောင်း Nobeoka တွင်  Joint Training သွားရောက်လေ့ကျင့်မည့် မြန်မာဂျူဒိုအားကစားအဖွဲ့အားလည်း ဂျူဒိုနည်းစနစ်များကို ပူးပေါင်းလေ့ကျင့်မှာဖြစ်ပြီး မိမိတို့ အားကစားအဖွဲ့မှလည်း အထူးကြိုးစား လေ့ကျင့်သင်ကြား စေလိုကြောင်း၊ 30th SEA GAMES ပြိုင်ပွဲအတွက်  ကိုဒိုကန် ဂျူဒိုနည်းပြတောင်းခံရရှိမှု အခြေအနေနှင့်   Tokyo မြို့ရှိ Judo Therapy ကျောင်းအား သွားရောက်လေ့လာရာတွင် မိမိတို့ နိုင်ငံနှင့်အကျိုးရှိမည့် လေ့ကျင့်ရေး၊ သင်ကြားရေးနှင့် နေထိုင်/စားသောက်ရေး၊ အားကစားသမားများ ဆေးကုသရေးကအစ  မိမိနိုင်ငံ အားကစားတိုးတက်ရေးအတွက် လေ့လာမှတ်သားခဲ့ပါ။ ထို့အပြင် ကနေဒါနိုင်ငံတွင် အားကစားနှင့်ဆေးပညာ IOC Diploma (၂)နှစ်သင်တန်း တက်ရောက်ရမည့်အတွက် (၂)နှစ်တာ ကာလအတွင်း သင်တန်းမှ ပို့ချသင်ကြားလိုက်သည့် ဘာသာရပ်အသီးသီးကို ကြိုးစားလေ့လာဆည်းပူး မှတ်သားပြီးသင်ကြားခဲ့ပါ။ Calgary မြို့တွင် နောက်ဆုံးစာမေးပွဲကိုလည်း ရမှတ် ကောင်းကောင်းဖြင့်ဖြေဆိုခဲ့ပါဟု အားကစားကိုယ်စားလှယ်အသီးသီးအား လမ်းညွှန်မှာကြား အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

 


back to top Eng