မန္တလေး၊ မတ်လ( ၃၁)ရက်။
စက်ဘီးစီးအားကစားနည်းကို ပြည်သူလူထုတစ်ရပ်လုံး စိတ်ပါဝင်စားလာစေရန်၊ စက်ဘီးစီးနင်းခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသ ကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တို့ကကြီးမှူးကာ လစဉ်နောက်ဆုံးပတ်တွင် ကျင်းပလျက်ရှိရာ (၃၄)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့စုရပ်နေရာ၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်ဘီးစီးကလပ်အသင်းများမှ စက်ဘီးအားကစားသမားများ၊ အားကာသိပ္ပံမှ စက်ဘီးစီး ကျောင်းသား ကျောင်းသူများ၊ စက်ဘီးစီးအားကစား ဝါသနာရှင်ပြည်သူများ၊ ဝန်ထမ်းများ စုပေါင်းစက်ဘီးစီးနင်း ပါဝင်ဆင်နွှဲခဲ့ ကြသည်။
ယနေ့ စုပေါင်းစက်ဘီးစီးနင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အချက်ပြ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ စက်ဘီးအားကစားသမား ဝါသနာရှင်ပြည်သူများ၊ ဝန်ထမ်းများ အင်အား ၁၇၀ ကျော်တို့သည် စုရပ် နေရာမှ ၂၆ လမ်းအတိုင်းလမ်း ၈၀ သို့ ထိုမှ ၁၂ လမ်းသို့ ထိုမှ ၆၆ လမ်းအတိုင်း၊ ၂၆ လမ်းမှ ကျုံးတောင်ဘက် တာလွှတ် စုရပ်နေရာအထိ ကျုံးတစ်ပတ် စက်ဘီးစီးနင်းကြကြောင်း သိရသည်။