skip to content
 
နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်
 
ကျန်းမာရေးနှင့်ကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မြန်မာနိုင်ငံနပန်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်ကျော်ဆန်းနှင့်အဖွဲ့အား ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဧည့်ရိပ်သာ၌ ဇူလိုင်(၂၈)ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
 
ထိုသို့တွေ့ဆုံရာတွင် နပန်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ကတင်ပြရာ၌ -
 
• မကြာမီကျင်းပမည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမားစေလွှတ်ရန်လျာထားရာတွင် ထပ်မံ၍ လူဦးရေတိုးခွင့်ပြုပေးပါရန်ကိစ္စ၊
 
• ပြိုင်ပွဲများအတွက် စခန်းသွင်းလေ့ကျင့်ရာတွင် sparring partner နှင့် အားကစားသမားများ အရေအတွက်တိုးမြှင့်ထောက်ပံ့၍ စခန်းသွင်းလေ့ကျင့်ခွင့်ပြုပါရန်ကိစ္စ၊
 
• နပန်းပညာရပ် ဖွံ့ဖြိုးရာနိုင်ငံဖြစ်သည့် Russia နိုင်ငံသို့ အားကစားသမားနှင့် sparring partner များစေလွှတ်နိုင်ရေးကိစ္စတွင် ပံ့ပိုးပေးပါရန်ကိစ္စ၊
 
• အားကစားနှင့်သိပ္ပံကျောင်းများတွင် နပန်းအားကစားနည်းကို ထည့်သွင်းသင်ကြားလေ့ကျင့်ပေးရန်ကိစ္စ၊
 
• ပြည်နယ်/တိုင်းဒေသကြီး အားကစားပြက္ခဒိန်တွင် နပန်းအားကစားပြိုင်ပွဲကျင်းပမည့်အချိန်များကိုပါ ထည့်သွင်းဖော်ပြပေးနိုင်ပါရန်ကိစ္စ၊
 
• အခြေခံပညာကျောင်းများ၏ အားကစားလေ့ကျင့်ခြင်းနှင့် အားကစားပြိုင်ပွဲများတွင် နပန်းအားကစားနည်းအား ထည့်သွင်းလေ့ကျင့်နိုင်ရေးကိစ္စ၊
 
• တရုတ်နိုင်ငံသို့ နပန်းအားကစားနည်းဆိုင်ရာ လေ့ကျင့်နိုင်ရေးအတွက် တရုတ်နိုင်ငံသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါရန်ကိစ္စ၊
 
• ရိုးရာနပန်းပြိုင်ပွဲ အားကစားနည်းတွင် အောင်မြင်မှုများ တိုးတက်ရရှိရေးအတွက် ထိုင်းနိုင်ငံသို့ အားကစားသမား(၁)ဦး စေလွှတ်လေ့ကျင့်ရာတွင် ပံ့ပိုးပေးနိုင်ပါရန်ကိစ္စရပ်များကို တင်ပြခဲ့ပါသည်။
 
ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားရာတွင် -
 
• နပန်းအားကစားနည်းသည် နည်းပရိယာယ်ကြွယ်ဝရန် လိုအပ်သကဲ့သို့ အားကစားသမား၏ ခွန်အားနှင့် ပြည့်စုံမှုသည် အထူးအရေးပါကြောင်း၊
 
• မိမိတို့အားကစားသမားများ စခန်းသွင်းလေ့ကျင့်ရာအတွင် နပန်းအားကစားနည်းဖွံ့ဖြိုးရာ Russia နှင့် Georgia နိုင်ငံကဲ့သို့ နည်းပြများ၊ နည်းစနစ်များအားခေါ်ယူ၍ လေ့ကျင့်နိုင်ပါက အထူးသင့်လျော်မည်ဖြစ်ပါကြောင်း၊
 
• နိုင်ငံတကာ နပန်းနည်းစနစ်များနှင့်ပတ်သက်၍ မိမိတို့အားကစားသမားများ လေ့ကျင့်ခြင်းများအား ဗွီဒီယိုရိုက်၍ ပြန်လည်ကြည့်ရှုကာ လိုအပ်ချက်များအားပြင်ဆင်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဗွီဒီယိုရိုက်ကူးရာတွင်လည်း ကင်မရာ (၃)လုံးခန့် တပ်ဆင်၍ ရှုထောင့်(၃)ခု ခန့်မှ ရိုက်ကူး၍ ကစားပုံနည်းစနစ်များ သင့်လျော်မှု ရှိ/ မရှိ ပြန်လည်ကြည့်ရှု၍ လိုအပ်ချက်များကို ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊
 
• ရိုက်ပြီး ဗွီဒီယိုများ ပြန်လည်ကြည့်ရှုနိုင်ရန်အတွက် အားကစားသမားများအတွက် ရုပ်သံကြည်လင်သော တီဗွီများကို အားလုံးလက်လှမ်းမီစွာကြည့်ရှုနိုင်မည့် အရေအတွက် ဝယ်ယူတပ်ဆင်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊
 
• နိုင်ငံတကာတွင် ကျင်းပလျက်ရှိသော နပန်းပြိုင်ပွဲများတွင် အားကစားသမားများ မည်သို့ နည်းစနစ် နည်းပရိယာယ်သုံး၍ ယှဉ်ပြိုင်သည်နှင့် မိမိတို့အနေဖြင့်ဆိုလျှင် မည်သို့ဆောင် ရွက်မည့်အချက်များကို လေ့လာနိုင်ရန်အတွက် ပြိုင်ပွဲကျင်းပပုံများကို တိုက်ရိုက်ကြည့်ရှု၍ လည်းကောင်း၊ Download လုပ်ကာ ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ ပြိုင်ပွဲများစွာမှ အချက်များ ကို ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ခြင်းဖြင့် လည်းကောင်း၊ အားကစားသမားများ အနေဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်လည်း ညွှန်ကြားထားရှိပါကြောင်း၊
 
• နိုင်ငံတကာနပန်းအားကစားသမားများ၏ training schedule အချိန်ဇယားများ၊ အစား အသောက်စားသောက်ပုံနှင့် အာဟာရတန်ဖိုးပါဝင်မှုများကို လေ့လာ၍ မိမိတို့အားကစားသမားများ ခွန်အားဖြင့်ပြည့်စုံစေရေး ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
 
• အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းတို့တွင် အစားအသောက်နှင့် အဟာရတန်ဖိုးပါဝင်မှုများ၊ စားသောက်ပုံများလည်း checklist များနှင့် လေ့လာ၍ လက်တွေ့အသုံးချသုတေသနပုံစံဖြင့် လေ့လာဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊
 
• Russia နိုင်ငံသို့ အားကစားသမားများ သွားရောက်လေ့ကျင့်နိုင်ရေး ဝန်ကြီးဌာနမှ ပံ့ပိုးပေး ရန်တင်ပြထားသည့်ကိစ္စနှင့် အားကစားအဖွဲ့ချုပ်များမှ ဝန်ကြီးဌာနသို့ တင်ပြလိုသည့် ကိစ္စရပ်များကို အဖွဲ့ချုပ်ဥက္ကဋ္ဌများမှ ပြည်ထောင်စုဝန်ကြီးထံသို့ တိုက်ရိုက်တင်ပြ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊
 
• နပန်းအားကစားနည်းကဲ့သို့ sparring partner လိုအပ်သော အားကစားနည်းများတွင် sparring partner ကို အလားအလာရှိသော အားကစားသမားကို ဦးစားပေးရွေးချယ်စေလိုပါကြောင်း၊
 
• စခန်းသွင်းလေ့ကျင့်ရာတွင် အမှန်တကယ်ကြိုးစား၍ အလားအလာရှိသူဖြစ်ပါက အရေအတွက် တိုးမြှင့်လေ့ကျင့်ပေးမည်ဖြစ်ပါကြောင်း၊
 
• နပန်းအားကစားနည်းအား အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် သင်ကြား ရာတွင် ပြန်လည်ထည့်သွင်းပေးမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် အဖွဲ့ချုပ်မှလည်း မည်သို့ သောလူငယ်များကို နပန်းအားကစားသမားအဖြစ် လေ့ကျင့်သင်ကြားပေးသင့်သည် ဟူသောအချက် (Criteria) ကို ပြည်ထောင်စုဝန်ကြီးထံ တိုက်ရိုက်စာရေးသားပေးပို့စေလိုပါကြောင်း၊
 
• ပြည်နယ်/တိုင်းဒေသကြီး အားကစားပြက္ခဒိန်များတွင်လည်း နပန်းအားကစားနည်းအားထည့်သွင်းရန် ညွှန်ကြားထားမည်ဖြစ်ပါကြောင်း၊
 
• ဝန်ကြီးဌာနအနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်(၉)ရပ်နှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်(၇)ရပ်တို့ကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိရာတွင် နပန်းအားကစားနည်းအားလည်း ထည့်သွင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊
 
• တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အားကစားသမားများ စေလွှတ်လေ့ကျင့်သင်ကြားနိုင်ရေး နှင့်ပတ်သက်၍ တရုတ်နိုင်ငံသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်းနှင့် ထိုင်းနိုင်ငံသို့ ရိုးရာ နပန်းအားကစား လေ့ကျင့်မည့်အားကစားသမားအတွက် တတ်နိုင်သမျှ ပံ့ပိုးထောက်ပံ့မှုများပေးအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
 
အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

back to top Eng