နေပြည်တော် ဒီဇင်ဘာ ၈
မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၁)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဖလား လက်ဝှေ့ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ စတင်ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များနှင့် ရဲအရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ နည်းပြများနှင့် အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ခဲ့ကြပြီး ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပိတ်ပွဲအခမ်းအနား အမှာစကား ပြောကြားပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယရဲချုပ် (၁)နှင့် ဒုတိယရဲချုပ်(၂)တို့က လူသစ်တန်းပြိုင်ပွဲများတွင် ဆုရရှိသူများအား လည်းကောင်း၊ ရဲချုပ်က အလွတ်တန်းပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် လူသစ်တန်း အကောင်းဆုံးလက်ဝှေ့သမားဆုရရှိသူတို့အား လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်၍ လူသစ်တန်းတံခွန်စိုက် ဆုရရှိသည့် အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံးအသင်းအား ဆုဖလား ချီးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီးက အလွတ်တန်းပြိုင်ပွဲများတွင် ဆုရရှိသူများအားတစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများပေးအပ်ကာ အလွတ်တန်းတံခွန် စိုက်ဆုရရှိသည့် မှုခင်းရဲတပ်ဖွဲ့အသင်းအား ဆုဖလားချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က အလွတ်တန်းပြိုင်ပွဲများတွင် ဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ကာ ရဲချုပ်တံခွန်စိုက်ဖလားဆုရရှိသည့် မှုခင်းရဲတပ်ဖွဲ့ အသင်းအား တံခွန်စိုက်ဖလားချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်