skip to content

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ(၈) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့နှင့် အတူ ယနေ့၊ နေ့လယ်ပိုင်းတွင် Sedona Hotel၊ ရန်ကုန်၌ကျင်းပခဲ့သော “မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ကော်မရှင်အဖွဲ့အား ဂုဏ်ပြုပွဲ” သို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ရာတွင် -
• မြန်မာ့အားကစားလောကတိုးတက်ရေးအတွက် အရေးကြီးသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များရွေးချယ်တင်မြှောက်ရာတွင် စေတနာအပြည့်ဖြင့် ပါဝင်ဆောင်ရွက်ပေးခဲ့သည့် ကြီးကြပ်ကော်မရှင်အဖွဲ့ဝင်များအား ကျေးဇူးတင်ရှိပါကြောင်း၊
• ကြီးကြပ်ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် အားကစားလောက အတွေ့အကြုံမြင့်မားသည့် အားလျော်စွာ မြန်မာ့အားကစား ရေရှည်တိုးတက်ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်း၏ သင်တန်းသား ရွေးချယ်ပုံနည်းလမ်းနှင့် စံသတ်မှတ်ချက်များ၊ သင်ကြားပုံနည်းစနစ်များ၊ ကျောင်းအလိုက် အထူးပြုသင်ကြားမည့် အားကစားနည်းများ သတ်မှတ်ရေး၊ အားကစားကိုသာ အဓိကလေ့ကျင့်သင်ကြားပေးပြီး အားကစားနှင့်မသက်ဆိုင်သော အခြားဘာသာရပ်စာများကို တတ်နိုင်သမျှလျှော့ချရေး၊ နည်းပြများ၏ အရည်အချင်းမြှင့်တင်ရေး၊ ထူးချွန်မည့် အလားအလာရှိသော မျိုးဆက်သစ်လူငယ်အားကစားသမားကို ထောက်လှမ်းရှာဖွေခြင်း အပါအဝင် ထူးချွန်သောအားကစားသမားများ လေ့ကျင့်မွေးမြူနိုင်ရေးတို့ အတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• အဆိုပါ ကိစ္စရပ်အတွက် ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ နည်းပြများနှင့် အားကစားသမားများပါဝင်သော ဆွေးနွေးနှီးနှောဖလှယ်ပွဲကြီးတစ်ခုကို အမြန်ဆုံးခေါ်ယူကျင်းပသွားမည် ဖြစ်ပါကြောင်း၊
• ကျောင်း(၆) ကျောင်းတွင် အားကစားသမားတစ်ဦးချင်းစီ၏ ကျန်းမာကြံ့ခိုင်မှုအခြေအနေ၊ လေ့ကျင့်မှုအခြေအနေ၊ စွမ်းဆောင်ရည်တိုးတက်မှုနှင့် စံချိန်တို့ကို တစ်နှစ်ပတ်လုံး စောင့်ကြပ်ကြည့်ရှုကာ ကွန်ပျူတာဖြင့် စနစ်တကျမှတ်တမ်းတင်ထားရန် အရေးကြီးပါကြောင်း၊
• အားကစားအမျိုးအစားအလိုက် လိုအပ်သည့် အာဟာရ ဖွံ့ဖြိုးပြည့်ဝမှုရှိစေရေးအတွက် အားကစားသမားများကို အစားအစာများ စနစ်တကျကျွေးမွေးရမည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနမှ အားကစားသမားများ အာဟာရဖွံ့ဖြိုးမှုရှိစေရေး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• ကျောင်း(၆) ကျောင်းတွင် အားကစားသမားများ ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းကို တင်းကြပ်စွာ အရေးယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် အရေးကြီးသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများတွင် ကြီးကြပ်ကော်မတီအဖွဲ့ဝင်များအား ဖိတ်ကြားကာ အကြံပြုချက်များ ရယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ကော်မရှင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ဒင်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးစိုးဝင်း၊ ဦးစိုးသိန်း၊ ဦးရဲထွဋ်တင်၊ ဦးတင်အောင်နှင့် ဦးညီညီလွင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

 

 

                                                           

ယင်းနောက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ကော်မရှင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ဒင်က အဖွဲ့ဝင်များကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ကော်မရှင်အဖွဲ့၊ အဖွဲ့ဝင် ဦးညီညီလွင်က အားကစားနှင့်ကာယပညာဦးစီးဌာနသို့ အလှူငွေ (၁၀)သိန်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လက်ခံခဲ့ပါသည်။


back to top Eng