နေပြည်တော်၊ မတ်လ(၈)ရက်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ ပြည်ပသို့သွားရောက်မည့် မြန်မာအားကစား အဖွဲ့များအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နေ့လည် (၂:၃ဝ)အချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ (စက်ဘီး၊ တိုက်ကွမ်ဒို၊ မြားပစ်) အားကစားနည်းများမှ အားကစားအဖွဲ့ဝင်များအနက် အုပ်ချုပ်သူနှင့် နည်းပြများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နည်းပြ ဒေါ်နော်ထီးမူမှ ရှင်းလင်းတင်ပြရာတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂ဝ၁၉ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ ဧပြီလ(၆)ရက်နေ့ထိ သင်တန်းကာလ(၂၇)ရက် ကျင်းပပြုလုပ်သော အမျိုးသမီးတာဝေးစက်ဘီး ပူးတွဲလေ့ကျင့်မှုပြုလုပ်မည့် နည်းပြနှင့် အားကစားသမား(၂)ဦး၏ အမည်စာရင်းများ၊ အခြေအနေများ၊ တည်းခိုနေထိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊
ဆက်လက်၍ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်နည်းပြ ဦးကျော်ကျော်ထူးမှ ရှင်းလင်းတင်ပြရာတွင် ကိုရီးယားသမ္မတနိုင်ငံတွင် ၂ဝ၁၉ ခုနှစ်၊ မတ်လ(၁၂) ရက်နေ့မှ (၂၈)ရက်နေ့အထိ သင်တန်းကာလ (၁၇)ရက် ကျင်းပပြုလုပ်သော ၂ဝ၁၉ ခုနှစ်၊ ပထမအကြိမ် တိုက်ကွမ်ဒို ပူးတွဲလေ့ကျင့်မှုပြုလုပ်မည့် နည်းပြနှင့် အားကစားသမား(၁)ဦး၏ အမည်စာရင်း၊ အခြေအနေများ၊ တည်းခိုနေထိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊
ဆက်လက်၍ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ အုပ်ချုပ်သူ ဒေါ်စန်းယုထွေးမှ ရှင်းလင်းတင်ပြရာတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂ဝ၁၉ ခုနှစ် မတ်လ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပြိုင်ပွဲကာလ (၈)ရက် ကျင်းပပြုလုပ်သော ၂ဝ၁၉ ခုနှစ်၊ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည် မြားပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူအပါအဝင် အားကစား သမားအင်အား(၁၅)ဦး၏ ယှဉ်ပြိုင်မည့်ပြိုင်ပွဲများ၊ အခြေအနေများ၊ တည်းခိုနေထိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ် များအားလည်းကောင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး တင်ပြကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က ယခု ပြည်ပသို့ သွားရောက်မည့် အားကစား အဖွဲ့ချုပ်များမှ နည်းပြနှင့်အုပ်ချုပ်သူများအား လမ်းညွှန်အမှာစကားပြောကြားရာတွင် နည်းပြဆရာဆိုင်ရာ အစီရင်ခံစာနှင့် အားကစားသမားဆိုင်ရာ အစီရင်ခံစာများအား ပြန်လည်တင်ပြကြရန်၊ နိုင်ငံတကာ၏ ပြောင်းလဲတိုးတက်လာသည့် အားကစားနည်းစနစ် လေ့ကျင့်ပုံများကို သေချာလေ့လာမှတ်သားပြီး မိမိနိုင်ငံသို့ ပြန်ရောက်သည့်အခါ ၄င်းအားကစားနည်းများကို သိပ္ပံနည်းကျပြန်လည် လေ့ကျင့်သင်ကြားနိုင်ရန်၊ အားကစားနည်းဆိုင်ရာ စီမံချက်များပြန်လည်တင်ပြကြရန်၊ မိမိတို့၏ အားကစားပုံရိပ်ကို နိုင်ငံတကာ အလယ်တွင် မြှင့်တင်နိုင်ရန်လိုအပ်ကြောင်း၊ လိုအပ်သည့်ပံ့ပိုးမှုများကို ကူညီသွားမည် ဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ စခန်းသွင်းလေ့ကျင့်နေမှုများကို ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်း၊ Lecture စာအုပ်နှင့် အတူ Copy တစ်စုံတင်ပြရန်လိုအပ်ကြောင်း၊ အားနည်းချက်၊ အားသာချက် အတွေ့အကြုံများကို အမြန်ဆုံးပြန်လည်သုံးသပ်ပြင်ဆင်ပြီး အစဉ်အမြဲ တိုးတက်အောင်မြင်မှုများ ရရှိအောင် ကြိုးစားသွားကြရန်လိုအပ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သွားရောက် လေ့ကျင့်သည့် အခါတွင် ဝတ်စားဆင်ယင်မှုပိုင်း၊ အနေအထိုင်၊ အစားအသောက်၊ အသွားအလာ ပိုင်းများကိုလည်း သတိချပ်၍ မိမိတို့နိုင်ငံဂုဏ်တင့်တယ်အောင် သေသပ်စွာ ဝတ်ဆင်စေလိုပါကြောင်း၊ အခက်အခဲရှိပါက မြန်မာသံရုံးများနှင့် ချိတ်ဆက်ပြီး အကူအညီ ရယူသွားရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။