skip to content

ရန်ကုန်၊ မတ်လ(  ၅   )ရက်။        မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က ပြည်ပသို့ သွားရောက်မည့်  ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တွင် ၂ဝ၁၉ခုနှစ်၊ မတ်လ (၆)ရက်နေ့မှ(၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်မည့်(၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလွတ်တန်းဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲနှင့် စင်ကာပူနိုင်ငံတွင် မတ်လ(၈)ရက်နေ့မှ (၁၇)ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် ပထမအကြိမ် အာရှလူငယ် အားကစားခေါင်းဆောင်များ စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်သို့ တက်ရောက်မည့် အားကစား အဖွဲ့ဝင်များအား  တွေ့ဆုံ လမ်းညွှန် အမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာန(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးဗလကျော်သူ ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်နှင့်အားကစားသမားများ၊ B.Sc Sports မှ ဆရာမနှင့်သင်တန်းသား/သင်တန်းသူ များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်အား ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့များက တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုပြီး  မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်က ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ၍လည်းကောင်း၊ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပထမအကြိမ် အာရှလူငယ် အားကစားခေါင်းဆောင်များ စခန်းသွင်း လေ့ကျင့်မှု အစီအစဉ်သို့တက်ရောက်မည့် အဖွဲ့ခေါင်းဆောင် သင်တန်းသားတစ်ဦးက စခန်းသွင်း လေ့ကျင့်မှုအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လမ်းညွှန်အမှာစကားပြောကြားရာတွင်  ယခုသွားရောက်ယှဉ်ပြိုင်မည့် စစ်တုရင်အားကစားသမားအနေဖြင့် ပြိုင်ပွဲများတွင် စိတ်ဓါတ်တက်ကြွနိုင်လိုစိတ်အပြင် မိမိ၏ စဉ်းစားတွေးခေါ်ဖြတ်ထိုးဉာဏ်ဖြင့် ကစားရသော စစ်တုရင်အားကစားနည်းဖြစ်ရာ မိမိတို့၏အားကစားနည်းပုံရိပ်ကို နိုင်ငံအလယ်တွင် မြှင့်တင်နိုင်ရန် ယှဉ်ပြိုင်စေလိုကြောင်း၊ လိုအပ်သည့် ပံ့ပိုးမှုများကို ကူညီသွားမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ် အာရှလူငယ်အားကစားခေါင်းဆောင်များ စခန်းသွင်းလေ့ကျင့်မှုအစီအစဉ်သို့ တက်ရောက်မည့်B.Sc Sportsမှ သင်တန်းသား/သူများလည်း နေ့စဉ်သင်တန်းပို့ချမှုများ အား ဗီဒီယိုမှတ်တမ်းတင်အပ်ရန် လိုအပ်ပါကြောင်း၊ အားနည်းချက်၊ အားသာချက်များ အတွေ့အကြုံများကို အမြန်ဆုံးပြန်လည်သုံးသပ်ပြင်ဆင်ပြီး အစဉ်အမြဲတိုးတက်အောင်မြင်မှုများ ရရှိအောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သွားရောက် စခန်းသွင်းသည့်အခါတွင် ဝတ်စားဆင်ယင်မှုပိုင်းကိုလည်း သတိချပ်၍ မိမိတို့၏ နိုင်ငံဂုဏ် တင့်တယ်အောင် သေသပ်စွာဝတ်ဆင်စေလိုပါကြောင်း၊ အခက်အခဲရှိပါက မြန်မာသံရုံးများနှင့် ချိတ်ဆက်ပြီး အကူအညီရယူသွားရန် လိုအပ်ပါသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
    

 


back to top Eng