skip to content

၁၅  ဒီဇင်ဘာ

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၀ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည့်ရက်ကို အာဆီယံဘောလုံးအဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန်လိုက်ပြီဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုလအတွင်းပြုလုပ်သည့် AFF ကောင်စီအစည်းအဝေးတွင် ၂၀၂၀ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ပတ်သက်၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။  ပြိုင်ပွဲကျင်းပသည့်ပုံစံကို ၂၀၁၈ ပြိုင်ပွဲအတိုင်း ကျင်းပမည်ဖြစ်ပြီး ငါးသင်းနှစ်အုပ်စုခွဲကာ ပြုလုပ်မည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း တစ်သင်းလျှင် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ ပုံမှန်အတိုင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။ ၂၀၂၀ ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် ပထမအကျော့ကို ဒီဇင်ဘာ ၁၃၊ ၁၄ ရက်၊ ဒုတိယအကျော့ကို ဒီဇင်ဘာ ၁၇၊ ၁၈ ရက်၊ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းသည် အမြင့်ဆုံးအဖြစ် ၂၀ဝ၄ နှင့် ၂၀၁၆ ပြိုင်ပွဲတို့တွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ယင်းပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး ၁၂ ကြိမ် ကျင်းပထားပြီးဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ထိုင်းအသင်းက ချန်ပီယံဆုငါးကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေကာ စင်ကာပူအသင်းက လေးကြိမ်။ ဗီယက်နမ်အသင်းက နှစ်ကြိမ်၊ မလေးရှားအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

မြန်မာအသင်းသည် နောက်ဆုံးယှဉ်ပြိုင်ထားသည့် ၂၀၁၈ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ကမ္ဘောဒီးယားအသင်းကို အိမ်ကွင်း၌ လေးဂိုး-တစ်ဂိုး၊ လာအိုအသင်းကို အဝေးကွင်း၌ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဗီယက်နမ်နှင့် အိမ်ကွင်း၌ ဂိုးမရှိသရေကျခဲ့သော်လည်း နောက်ဆုံးပွဲတွင် မလေးရှားကို အဝေးကွင်း၌ သုံးဂိုးပြတ် အရေးနိမ့်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်


back to top Eng