skip to content

နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။

မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံ ပညာကျောင်းများတွင် မျိုးဆက်သစ် လူငယ်များကို လေ့ကျင့်သင်ကြားပေးနိုင်ရန် ကိစ္စနှင့်ပတ်သက်သော ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁ဝ)နာရီ၌ နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြပါသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်စေရန်အတွက် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးရန် ကာယဆရာ၊ ဆရာမများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ ပူးပေါင်း၍ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ ခြင်းလုံး အားကစားနည်းသည် အခြားအားကစားနည်းများနှင့် ယှဉ်မည်ဆိုပါက နေရာကျဉ်းကျဉ်းနှင့် ငွေကြေးကုန်ကျမှု နည်းပါးသည့် အားကစားနည်း ဖြစ်ကြောင်း၊ မြို့ကြီးများရှိ ကျောင်းများတွင် အခြေခံမှစ၍ သင်ကြားပြီး အဆင့်ဆင့် စီစဉ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများရှိ ကာယဆရာများကို သင်တန်းများပို့ချပေးလျက်ရှိသော်လည်း ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပြေးခုန်ပစ် အားကစားနည်း(၆)မျိုးသာ ဖြစ်နေသည့်အတွက် ခြင်းလုံးအားကစားနည်း ထပ်ထည့်ဖို့လိုကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသားများ အားကစားပြုလုပ်နိုင်ရန်အတွက် အားကစားအချိန်တစ်ခု သတ်မှတ်ပေးရန် လိုကြောင်း၊ ကျောင်းများတွင် ကာယအချိန်ကို တစ်ပတ်လျှင် တစ်ချိန်ထက်ပို၍ ထည့်သွင်းစေလိုကြောင်း၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ထူးချွန်ထက်မြက်ပြီး ရေရှည်တည်တံ့သော အားကစားသမားများဖြစ်ဖို့နှင့် နိုင်ငံဂုဏ်ဆောင်နိုင်ရန်အတွက် အခြေခံပညာကျောင်းများမှ စတင်ရမည့် အနေအထား ဖြစ်ပါကြောင်း၊ အားကစားနှင့် ပညာရေးပေါင်းစပ်ပြီး လုပ်မှသာ ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတွင် အားကစားကို လိုက်စားကြသော ပညာတတ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြောကြားရာတွင် ခြင်းလုံးအားကစားနည်းကို အခြေခံပညာကျောင်းများတွင် သင်ကြားရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဦးစီးဌာန နှစ်ခုလုံးပေါင်းစပ်၍ အဓိကထားလုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာန အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ခြင်းလုံးအဖွဲ့ချုပ်မှ နည်းပြများကူညီထောက်ပံ့ပေးပါက အပြည့်အဝစီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကာယအချိန်ကို မူလတန်းမှ အလယ်တန်းအထိ တစ်ပတ်လျှင် နှစ်ချိန် သတ်မှတ်ပေးထားပါကြောင်း၊ အထက်တန်းတွင်လည်း တစ်ပတ်လျှင် တစ်ချိန်သတ်မှတ်ပေးထားပါကြောင်း၊ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလမှစပြီး အခြေခံပညာကျောင်းများတွင် အခြေခံကျောင်းသား အားကစားပွဲများကို ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ ၂ဝ၁၉ ပညာသင်နှစ် ဇွန်လမှစပြီး မန္တလေးရှိ အခြေခံပညာကျောင်းများတွင် ခြင်းလုံးအားကစားနည်း သင်ကြားရေးလုပ်ငန်းကို စတင်ဆောင်ရွက်ရန် စီစဉ်နေပါကြောင်း၊ အားကစား ကာယဆရာများကိုလည်း ဖြည့်စွက်ပြီး ခန့်ထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပါကြောင်း ပြောကြားပြီး တာဝန်ရှိသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများမှ အားကစားနည်းဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပြီး ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြောင်းသိရှိရပါသည်။

 


back to top Eng