skip to content

 

၁ သြဂုတ်


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီ ဖြစ်သည်။


မြန်မာအမျိုးသမီးအသင်းသည် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမကစားသမား ၂၅ ဦးအနက် နှစ်ဦးလျှော့ချကာ ၂၃ ဦး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် နည်းပြချုပ် ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်သန်းသန်းထွေး၊ ဂိုးနည်းပြ-ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုး မေဇင်နွယ်၊ သန္တာဦး (မြဝတီ)၊ ခိုင်ဇာဝင်း (အား/ကာ)၊ နောက်တန်း- အိရတနာဖြိုး၊ ဝေဝေအောင်၊ ခင်မျိုးဝင်း၊ ဇင်ဇင်နိုင် (အား/ကာသိပ္ပံ)၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ခိုင်သဇင် (မြဝတီ)၊ ချစ်ချစ် (သစ္စာအားမာန်)၊ ဖြူဖြူဝင်း (YREO)၊ အလယ်တန်း-ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ ခင်မာလာထွန်း၊ သင်းသင်းယု၊ လဲ့လဲ့လှိုင် (ဇွဲကပင်)၊ မေသူကျော် (မြဝတီ)၊ ရှေ့တန်း-ခင်မိုးဝေ၊ ဂျူလိုင်ကျော် (သစ္စာအားမာန်)၊ နုနု၊ ရီရီဦး (အား/ကာသိပ္ပံ)နှင့် ဝင်းသိင်္ဂီထွန်း (မြဝတီ) တို့ ပါဝင်ကြသည်။ အပြီးသတ်ရွေးချယ်ရာတွင် ကွင်းလယ်ကစားသမား ခိုင်သဇင်ဦးနှင့် ဒဏ်ရာရနေသည့် ဂိုးသမားဇာဇာမြင့်တို့ ချန်လှပ်ခံခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာဆီယံပြိုင်ပွဲမတိုင်မီ ပြည်ပလေ့ကျင့်ရေးခရီးစဉ် သွားရောက်ရန် စီစဉ်ထားသော်လည်း အဆင်မပြေသောကြောင့် ပြည်တွင်းခြေစမ်းပွဲများသာ ကစားမည်ဖြစ်ပြီး သြဂုတ် ၅ ရက်တွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း၊ သြဂုတ် ၇ ရက်တွင် MFF အကယ်ဒမီလူငယ်အမျိုးသားအသင်း၊ သြဂုတ် ၉ ရက်တွင် ရန်ကုန်ယူနိုက်တက်ကလပ် အကယ်ဒမီအသင်းတို့နှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဇွန် ၁၂ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး ပြည်တွင်းခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားထားပြီး မွန်နှင့် တနင်္သာရီသို့ လေ့ကျင့်ရေးခရီးစဉ် သွားရောက်ခဲ့သည်။ 


၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (ခ) တွင် မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် သြဂုတ် ၁၆ ရက်တွင် အင်ဒိုနီးရှားအသင်း၊ သြဂုတ် ၁၈ ရက်တွင် ကမ္ဘောဒီးယားအသင်း၊ သြဂုတ် ၂၀ ရက်တွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ ၊ ဓာတ်ပုံ-ဖိုးသော်ဇင်


back to top Eng