ရန်ကုန် ၁၉ ဖေဖော်ဝါရီ
မြန်မာ ယူ-၁၈ အသင်းသည် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပမည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်သည် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများအတွက် ဖိတ်ခေါ်ပြိုင်ပွဲကျင်းပပေးလျက်ရှိပြီး ယခုကျင်းပမည့် ယူ-၁၉ ပြိုင်ပွဲကို မတ် ၂၃ ရက်မှ ၃၀ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်၊ မြန်မာ၊ ထိုင်းအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တရုတ်တိုင်ပေအသင်းမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် နီးစပ်လျက်ရှိသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၈ အသင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ ယူ-၁၈ အသင်းသည် လက်ရှိတွင် MNL ယူ-၂၁ ပြိုင်ပွဲ၌ MFF Youth အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်လျက်ရှိသည်။
ဦးစိုးမြတ်မင်းသည် မြန်မာ ယူ-၂၂ အသင်းတွင်လည်း လက်ထောက်နည်းပြအဖြစ် ပူးတွဲတာဝန် ပေးအပ်ခံထားရသောကြောင့် လက်ရှိတွင် မြန်မာ ယူ-၂၂ အသင်းနှင့် ပူးပေါင်းနိုင်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လက်ထောက်နည်းပြတစ်ဦး ခန့်အပ်မည်ဖြစ်ပြီး ယင်းနည်းပြဖြင့် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာ ယူ-၁၈ အသင်းသည် ပဏာမကစားသမား ၂၇ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ကစားသမားများ၏ခြေစွမ်းအပေါ်မူတည်၍ အပြောင်းအလဲပြုလုပ်မည်ဖြစ်သည်။