ရန်ကုန်၊ ဒီဇင်ဘာ ၂၄
မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီလတွင်သွားရောက်မည့် ကာတာခြေစမ်းခရီးစဉ် အပါအဝင် ၂၀၁၉ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ဒီဇင်ဘာ ၂၆ ရက်တွင် လေ့ကျင့်မှု စတင်ပြုလုပ်မည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် လာမည့်နှစ်တွင် အဓိကနိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အောင်မြင်မှုရရန် အချိန်ယူပြင်ဆင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကာတာဘောလုံးအဖွဲ့ချုပ်တို့၏ သဘောတူညီမှုအရ မြန်မာ ယူ-၂၂ အသင်းနှင့် ကာတာ ယူ-၂၂ အသင်းသည် ဇန်နဝါရီ ၁၀ ရက်တွင် ကာတာနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာ ယူ-၂၂ အသင်းယှဉ်ပြိုင်မည့် ပထမဆုံး ပထမဆုံးခြေစမ်းပွဲလည်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၈ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့်အသင်းကို အခြေခံ ဖွဲ့စည်းမည်ဖြစ်ပြီး ပဏာမကစားသမား ၃၀ ၀န်းကျင်ပါ၀င်လာမည်ဖြစ်သည်။ မြန်မာ ယူ-၂၂အသင်းသည် ဖိလစ်ပိုင်၌ကျင်းပမည့်အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖေဖော်ပါရီတွင်ကျင်းပမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ မတ်လတွင်ကျင်းပမည့် အာရှ ယူ-၂၃ခြေစစ်ပွဲတို့အတွက် စတင်ပြင်ဆင်ရမည်ဖြစ်သည်။
ဒုတိယဆုဖြင့်ကျေနပ်ခဲ့ရ
မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် ယခုနှစ်လယ်ပိုင်းကတည်းကပြင်ဆင်ခဲ့ပြီး ယခုနှစ် အတွင်း တရုတ်ဖိတ်ခေါ်ပြိုင်ပွဲနှင့်ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နောက်ဆုံးပြိုင်ပွဲအဖြစ် ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိကျင်းပသည့် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲ၌ အိမ်ရှင်ဗီယက်နမ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် အရေးနမ့်ကာ ဒုတိယဆုဖြင့်ကျေနပ်ခဲ့ရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်မည်ဖြစ်သောကြောင့် ယခုအကြိမ်ဖွဲ့စည်း ရာတွင် အမာခံကစားသမားအစုံအလင် ပါ၀င်လာမည်ဖြစ်ပြီး ကာတာ ယူ-၂၂ အသင်းနှင့်ခြေစမ်းပွဲမှာ အကျိုး ရှိမည့် ခြေစမ်းပွဲဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့်အာရှ ယူ-၂၃ ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်ကြောင်းသိရသည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ၎င်းကိုင်တွယ်သည့် ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် ငွေတံဆိပ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
Crd: ညီမြတ်သော်တာ၊ မြန်မာ့အလင်းသတင်းစာ