skip to content

ရန်​ကုန်​၊ မတ်​ ၂၂။

မြန်​မာနိုင်​ငံ​လှေ​လှော်​အဖွဲ့ချုပ်​ ဥက္ကဌ ဦး​သောင်းထိုက်​မင်းသည်​ အိန္ဒိယနိုင်​ငံ ဘိုပယ်လ်မြို့ Upper Lake ၌ မတ် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် The International Canoe Sprint Competition in Bhopal / India ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်​ရန်​ မတ်​ ၂၁ နံနက်​ ၁၁ နာရီက ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​မှ ထွက်​ခွာသွား​သော မြန်​မာကနူး/ ကယက်​​လှေ​လှော်​အဖွဲ့အား ပို့​ဆောင်​နှုတ်​ဆက်​ခဲ့သည်​။

မြန်မာအသင်းကို တပ်​ကြပ်​ကြီးသူရဟန် (ကာကွယ်​​ရေး၀န်​ကြီးဌာန)က အုပ်​ချုပ်​သူ/ နည်းပြအဖြစ်​ ဦးဆောင်မည်ဖြစ်ပြီး ကနူးလှေကစားသမား မျိုးလှိုင်၀င်းနှင့် ကယက်လှေကစားမယ် ခိုင်ခိုင်ထွန်းထွေးတို့ ပါ၀င်မည်ဖြစ်သည်။

မျိုးလှိုင်၀င်းသည် ကနူးလှေ တစ်ယောက်လှော်ပြိုင်ပွဲ ( C- 1) ၏ မီတာ ၂၀၀၊ မီတာ ၅၀၀ နှင့် မီတာ ၁၀၀၀ စသည့် ပွဲစဉ််သုံးမျိုး၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ခိုင်ခိုင်ထွန်းထွေးကမူ ကယက်လှေ တစ်ယောက်လှော်ပြိုင်ပွဲ (K-1)၏ မီတာ ၂၀၀ နှင့် မီတာ ၅၀၀ ပွဲစဉ်တို့တွင် ပါ၀င်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခုပြိုင်ပွဲသည် အလွတ်တန်းပြိုင်ပွဲဖြစ်ပြီး အာရှနှင့်ဥ​ရောပ​ဒေသများမှ ပြိုင်ပွဲ၀င် နိုင်ငံပေါင်း ၂၀ ကျော် ပါ၀င်ယှဉ်ပြိုင်ကြမည်ဟုလည်း သိရသည်။ မြန်​မာအသင်း အုပ်​ချုပ်​သူနှင့် နည်းပြဖြစ်​သည့် တပ်​ကြပ်​ကြီး သူရဟန်​က ယခုပြိုင်​ပွဲသည်​ မြန်​မာကစားသမားများအတွက်​ အ​တွေ့အကြုံ​ကောင်းများ ရရှိ​စေမည့်ပြိုင်​ပွဲဟု ဆိုထားသည်​။

မြန်​မာ​လှေအဖွဲ့သည်​ အိန္ဒိယနိုင်​ငံသို့ မ​လေးရှားနိုင်​ငံမှတစ်​ဆင့် သွား​ရောက်​ခြင်းဖြစ်​ပြီး ဥက္ကဌ ဦး​သောင်းထိုက်​မင်းနှင့်အတူ အဖွဲ့ချုပ်​အတွင်း​ရေးမႉး ဦးသက်​လွင်​လည်း လိုက်​ပါပို့​ဆောင်​ နှုတ်​ဆက်​ခဲ့​ကြောင်း သိရသည်​။


back to top Eng