ရန်ကုန် ဇန်နဝါရီ ၁။
မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံပညာ ကျောင်းများမှ မျိုးဆက်သစ် လူငယ်များကို လေ့ကျင့်သင်ကြားပေးရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ကပြောသည်။ ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်စေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကာယဆရာ၊ ဆရာမများကို လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်ရှိအားကစားနှင့် ကာယပညာ ဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်သည့် ပေါင်းစပ် ညိႇနှိုင်းအစည်း အဝေးတွင် ဦးမျိုးလှိုင်က ပြောသည်။
လက်ရှိတွင် ဝန်ကြီးဌာနက အခြေခံပညာကျောင်းများရှိ ကာယဆရာများကို သင်တန်းများပို့ချနေသော်လည်း ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပြေးခုန်ပစ်အားကစားနည်း ခြောက်မျိုးသာ လေ့ကျင့် ပေးနေသဖြင့် ခြင်းလုံးအားကစားနည်းထည့်သွင်းရန် လိုအပ်ကြောင်း ဦးမျိုးလှိုင်ကပြောသည်။ ထို့ပြင် အခြေခံပညာကျောင်းများ၌ ကျောင်းသားများ အားကစားပြုလုပ်နိုင်ရန် အားကစားအချိန်တစ်ခု သတ်မှတ်ပေးသင့်ကြောင်းနှင့် ကာယအချိန်ကို တစ်ပတ်လျှင် တစ်ချိန်ထက်ပို၍ ထည့်သွင်းပေးရန် လိုအပ်ကြောင်းသိရသည်။ လက်ရှိတွင် အခြေခံပညာကျောင်းများ၌ ကာယအချိန်ကို အခြေခံပညာ မူလတန်းမှ အလယ်တန်းအထိ တစ်ပတ်လျှင် နှစ်ချိန် သတ်မှတ်ထားပြီး အထက်တန်း၌ တစ်ပတ်လျှင် တစ်ချိန်သတ်မှတ်ထားသည်။ ၂ဝ၁၉ ခုနှစ် ဇွန်လမှစ၍ မန်တလေးမြို့ရှိ အခြေခံပညာ ကျောင်းများ၌ ခြင်းလုံးအားကစားနည်း သင်ကြားရေး စတင် ဆောင် ရွက်ရန် စီစဉ်နေကြောင်း သိရသည်။