skip to content
 
ရန်ကုန် ဒီဇင်ဘာ ၂၂
 
အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ ၂ဝ၁၉ ခုနှစ်တွင် ကျင်းပမည့် အာဆီယံအဆင့်ပြိုင်ပွဲ ခြောက်ခု ကျင်းပမည်ဖြစ်ပြီး ဘောလုံးနှင့် ဖူဆယ်ပြိုင်ပွဲများ ပါဝင်လျက်ရှိသည်။
 
အာဆီယံဒေသတွင်း၏ အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ယခုနှစ်တွင် ကျင်းပခဲ့သောကြောင့် လာမည့်နှစ်တွင် လက်ရွေးစင်အဆင့်ပြိုင်ပွဲအဖြစ် အမျိုးသမီးပြိုင်ပွဲသာ ကျင်းပ မည်ဖြစ်သည်။ ပြိုင်ပွဲများအဖြစ် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲကို မေ ၁ဝ ရက်မှ ၂၂ ရက်အထိ ထိုင်းနိုင်ငံ၊ အာဆီယံ ယူ-၁၅ အမျိုးသားပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၉ ရက်အထိ ထိုင်းနိုင်ငံ၊ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို သြဂုတ် ၄ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ အာဆီယံအမျိုးသမီးပြိုင်ပွဲကို သြဂုတ် ၁၆ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၊ အာဆီယံဖူဆယ်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံတို့တွင် ကျင်းပမည်ဖြစ်သည်။အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ဒီဇင်ဘာဒုတိယပတ်က ကျင်းပသည့် ကောင်စီအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပမည့်ရက်တို့ကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစုစုပေါင်း ခြောက်ခု ကျင်းပမည်ဖြစ်သည်။ ဖူဆယ်ကလပ်ပြိုင်ပွဲနှင့် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲကို ကျင်းပရန် လျာထားသော်လည်း ထပ်မံအတည်ပြုမည် ဖြစ်သည်။
 
မြန်မာအသင်းသည် ပြိုင်ပွဲအားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းအများစုမှာ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။ ၂ဝ၁၉ ခုနှစ်တွင် ပထမဆုံးပြိုင်ပွဲ အဖြစ် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ကျင်းပသောကြောင့် အသင်းအများစုမှာ ဆီးဂိမ်းအသင်းများဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရခဲ့ပြီး ယင်းပြိုင်ပွဲ အပါအဝင် မတ်လတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် ယခုလအတွင်း ပြန်လည်လေ့ကျင့်မည် ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း၊ ယူ-၁၈ အမျိုးသား အသင်း၊ ယူ-၁၅ အမျိုးသားအသင်းတို့မှာလည်း လေ့ကျင့်မှု ပြုလုပ်လျက်ရှိသည်။ 

back to top Eng