skip to content

ရန်ကုန်၊ ဇန်နဝါရီလ (၂၀)ရက်။

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသော လှေလှော်အားကစားသမားများအား နာမည်ကြီးစာရေးဆရာ၊ ဟောပြော ဆရာ ဦးဘုန်း(ဓာတု)၏ စိတ်ခွန်အားဖြည့် ဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက်၊ ညနေ ၅ နာရီက မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌ ဦးထွန်းဦး၊ အတွင်းရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ချုပ်နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့ရာ “မိုးလင်းကနေ မိုးချုပ်အထိ လေ့ကျင့်နေရတဲ့ အားကစား သမားတွေအတွက် အပြောင်းအလဲဖြစ်စေဖို့၊ ဗဟုသုတတွေ တိုးပွားစေဖို့၊ ယှဉ်ပြိုင်တဲ့ပွဲတိုင်းမှာ အောင်မြင်မှုရရှိစေရေးအတွက် အထူးလိုအပ်တဲ့ စိတ်ဓာတ်ခွန်အား ပြည့်၀စေဖို့အတွက် အခုဒီဟောပြောပွဲကို စီစဉ်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ကစားသမားတွေကို ယှဉ်ပြိုင်တဲ့ပွဲတိုင်းမှာ အနိုင်ရ အောင်မြင်စေချင်ပါတယ်။ ဒီလိုအောင်မြင်မှု ရရှိဖို့ဆိုတာ စိတ်ဓာတ်က အရင်းခံကျပါတယ်။ စိတ်ဓာတ်ကောင်းနေပြီ၊ ခံယူချက်ကောင်းနေပြီဆိုရင် ပွဲတိုင်းမှာ ပြိုင်ဘက်အသင်းကို ယှဉ်နိုင်ဖို့ အခွင့်အရေး များစွာရှိပြီဖြစ်ပါတယ်။ ဒီနေရာမှာ အသိပေးပြောချင်တာက ကျွန်တော်တို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ အားကစား ပဲဖြစ်ဖြစ် ဘယ်အလုပ်မှာမဆို မရှိမဖြစ် လိုအပ်တာက ကံ၊ ဉာဏ်၊ ဝီရိယဆိုတာတွေ ဖြစ်ပါတယ်။ မိဘတွေရဲ့ ကျေးဇူး၊ မိမိတို့ရဲ့ ကံကောင်းမှုကြောင့် ခြေစုံလက်စုံနဲ့ မွေးဖွားလူဖြစ်လာတာဟာ ကံကောင်းမှုပဲ ဖြစ်ပါတယ်။ ဒီတော့ ကျန်တဲ့ ဝီရိယတွေ၊ ဉာဏ်ပညာအသိတွေနဲ့ ပြည့်စုလာအောင် ထပ်မံလုပ်ဖို့ လိုလာပါတယ်။ လွယ်လွယ်လေးနဲ့ မြင်သာအောင် ပြောရမယ်ဆိုရင် ခြေထောက်ကနေ ခြေလှမ်းအဖြစ် ပြောင်းလဲ လျှောက်လှမ်းနိုင်တာဟာ ဝီရိယကြောင့် ဖြစ်ပါတယ်။ ဝီရိယစိုက် ထုတ်လိုက်တာကြောင့် ခြေလှမ်းတွေ လှမ်းနိုင်ကြတာပါ။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ခလုတ်မထိ ဆူးမငြိအောင် အသိတရားက အမြဲတမ်းကပ်ပါပြီး သွားကြရပါတယ်။ ဒါဟာ အသိဉာဏ် ပညာပါ။ ဒါ့ကြောင့် မိမိရဲ့ဘ၀ပန်းတိုင်အောင်မြင်ဖို့အတွက် ကံ၊ ဉာဏ်၊ ဝီရိယသုံးပါးကို ကြိုးစားဆုပ်ကိုင်သွားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် အားကစားကလောင်ရှင်၊ မြန်မာတိုင်းမ်နေ့စဉ်သတင်းစာ အကြီးတန်းအယ်ဒီတာ ဦးဖေဒီက ဦးဘုန်း(ဓာတု)အား တက်ရောက်လာသူများနှင့် မိတ်ဆက်စကား ပြောဆိုခဲ့ပြီး ဦးဘုန်း(ဓာတု)က စိတ်ဓာတ်ခွန်အားဖြည့်စကားများ ဟောပြောခဲ့သည်။ ပွဲအပြီးတွင် တက်ရောက်လာသည့် ကစားသမားများသည် ဦးဘုန်း(ဓာတု)နှင့် အတူ မျိုးကြီး၏ “အရိုးရှင်းဆုံးဘ၀” သီချင်းကို ပျော်ပျော်ပါးပါး သီဆိုခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

 


back to top Eng