skip to content
 
ပဲခူး၊ ဒီဇင်ဘာ (၄) ရက်။
 
ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်အားကစားကွင်းတွင် ဒီဇင်ဘာလ(၄)ရက် ညနေ(၃:၃၀)နာရီအချိန်က ၂၀၁၈ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
 
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဘော်လုံးချစ်ပရိတ်များက ပဲခူးခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးကြရာ ပြည်ခရိုင်အသင်းက(၃ : ၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
 
 
 
ထို့နောက်ဆုပေးပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအားကစားဆပ်ကော်မတီဝင်ဦးတင်မြင့်က ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်ပစ်စည်းများပေးအပ်ပြီး၊ ဒုတိယရရှိသော ပဲခူးခရိုင်အသင်းအား ပဲခူးခရိုင်ရဲတပ်ဖွဲ့မှုးဒုတိယရဲမှုးကြီးစိန်လွင်မှလည်းကောင်း၊ ပထမရရှိသော ပြည်ခရိုင်အသင်းအား ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှုးဦးစိုးနိုင်မှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ဂိုးသမားဆုရရှိသော ပဲခူးခရိုင်အသင်းမှ ကျောနံပါတ်(၁)ထူးကျော်၊ နောက်တန်းအကောင်းဆုံးဆု ပြည်ခရိုင်အသင်းမှ ကျောနံပါတ်(၄)တင်ထူးအောင်တို့အား ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးအောင်မြင့်ကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆုရရှိသော ပြည်ခရိုင်အသင်းမှ ကျောနံပါတ်(၇)ဇွဲဝေယံ၊ ရှေ့တန်းအကောင်းဆုံးဆုရရှိသော ပဲခူးခရိုင်အသင်းမှ ကျောနံပါတ်(၁၀)မြတ်ကိုကိုဇော်၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိသော ပဲခူးခရိုင်အသင်းမှ ကျောနံပါတ် (၁၄)ရဲမျိုးထွဋ် တို့အား ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်မှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
 
 
 
ယင်းနောက် ပထမရရှိသော ပြည်ခရိုင်အသင်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းမှ တံခွန်စိုက်ဆုဖလားနှင့်ငွေသားဆု(၄)သိန်းကျပ်အားပေးအပ်ချီးမြှင့်ခဲ့သည်။ ၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား နိုဝင်ဘာလ(၂၇)ရက်နေ့ ဒီဇင်ဘာလ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ ခရိုင်(၄)မှခရိုင်ကိုယ်စားပြု ဘောလုံးအသင်း (၄)သင်းပါဝင်ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။

back to top Eng