skip to content

ရန်ကုန်၊ ဇွန်လ( ၂၄ )ရက်။                  

၂ဝ၁၈ခုနှစ်၊ အသက်(၇ဝ)နှစ်အထက် သက်ကြီးဝါရင့် အားကစားကလောင်ရှင်ကြီးများအား ဂါဝရပြုကန်တော့ပွဲနှင့် ၂ဝ၁၇ခုနှစ်အတွက် မြန်မာ့ အကောင်းဆုံးအားကစားသမား ဆုချီးမြှင့်ပွဲ အခမ်းအနားများကို ယမန်နေ့ညနေ(၃)နာရီက ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ပတ္တမြားခန်းမ၌ ကျင်းပရာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊  အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ  အားကစားကလောင်ရှင်များ၊ မီဒီယာအဖွဲ့ချုပ်နာယက ဒေါက်တာ တင်ထွန်းဦး၊ အဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကန်တော့ခံသက်ကြီးအားကစား ကလောင်ရှင်ကြီးများ၊ ဖိတ်ကြားထားသူများနှင့်သတင်းမီဒီယာများတက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ ယခုအခမ်းအနားတွင် ဂုဏ်ပြု ချီးမြှင့်ထိုက်သူကို  ဂုဏ်ပြုချီးကျူးခြင်းမှာ မင်္ဂလာတစ်ပါးဖြစ်သလို မိမိထက်အသက်အရွယ် အတွေ့အကြုံ ကြီးရင့်သော သက်ကြီးဝါရင့် အားကစားကလောင်ရှင်ကြီးများကို ဂါရဝပြု ဂုဏ်ပြု ကန်တော့ ရတဲ့အတွက် ကျွန်တော့်အနေဖြင့်များစွာ ပီတိဖြစ်မိပါကြောင်း၊ ကျွန်တော်တို့ အားကစားစာပေလောကတွင်လည်း မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုစေသည့် အားကစားစာပေများကို နှစ်ပေါင်းများစွာ ရေးသားခဲ့သည့် သက်ကြီးအားကစားကလောင်ရှင်ကြီးများ၏ စွမ်းဆောင်မှုကို အသိအမှတ် ပြုသည့် အနေဖြင့်လည်းကောင်း၊ အဆိုပါကလောင်ရှင်ကြီးများ၏ အသက်အရွယ်အတွေ့အကြုံ များမှ အားကစားစာပေဗဟုသုတနှင့် အတူယူစရာစာပေများကို ရသမြောက်အောင် စဉ်ဆက် မပြတ် ရေးသားခဲ့ကြတာကိုလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းဖြင့် ဂါရဝပြု ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ အားကစားကလောင်ရှင်များ မီဒီယာအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးမိုးကျော်မှ ကန်တော့ပွဲအခမ်းအနားကျင်းပရခြင်း အကြောင်းကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများက အသက်(၇ဝ)အထက် သက်ကြီးဝါရင့်အားကစားကလောင်ရှင် (၃၇)ဦးတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ (၂)သိန်းနှင့် အဖွဲ့ချုပ်မှ (၂)သိန်း၊ စုစုပေါင်း (၄)သိန်းစီနှင့် ကန်တော့ခံပစ္စည်းများဖြင့် ဂါရဝပြုပေးအပ်ကြပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကာ တက်ရောက်လာသည့်သူများက သက်ကြီးဝါရင့်အားကစားကလောင်ရှင်ကြီးများ အား ဂါရဝဂုဏ်ပြုကန်တော့ကြကာ ကလောင်ရှင်ကြီးများကိုယ်စား တက္ကသိုလ်စိုးဝင်းမှ သြဝါဒ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ အားကစားရုံတွင် ကျင်းပပြုလုပ်သည့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာနိုင်ငံအားကစားလောကအတွက် အမြင့်ဆုံး ဖြစ်သော  ၂ဝ၁၇ခုနှစ်အတွက် မြန်မာ့အကောင်းဆုံးအားကစားသမားဆုများချီးမြှင့်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

အဆိုပါဂုဏ်ပြုပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊  အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးထွန်းမြင့်ဦးနှင် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်နာယက ဒေါက်တာ တင်ထွန်းဦး၊ အဖွဲ့ချုပ်ဥက္ကဌနှင့် ဒုတိယဥက္ကဌ၊ အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဌများနှင့် ဂုဏ်ပြုခံအားကစားသမားများ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ  မြန်မာ့အားကစားမီဒီယာ များအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂ဝ၁၇ခုနှစ်အတွက် မြန်မာ့အကောင်းဆုံးအားကစား သမားဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားခွင့်ရတဲ့အတွက် ကျွန်တော့်အနေဖြင့် ဂုဏ်ပြုဝမ်းမြောက်မိပါကြောင်း၊  ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှု အောင်ပွဲရတာများလေလေ ကျွန်တော်တို့နိုင်ငံအတွက်  အများကြီးအကျိုးရှိပါကြောင်း၊ မြန်မာ့ အားကစားလောကကြီးတိုးတက်အောင် ဘက်ပေါင်းစုံမှ  ပံ့ပိုးပေးလျက်ရှိကြောင်း၊  တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများ၊ ခရိုင်မြို့နယ်နှင့် ရပ်ကွက်များရှိ အားကစားကွင်း/ရုံများကိုပြင်ဆင်ခြင်း၊ အသစ်ဆောက်လုပ်ပေးလျက်ရှိပြီး  အားကစား ကွင်း/ရုံများတွင် အားကစားသမားများအချိန်မရွေး များများကစားလာနိုင်မည့် အပြင် အခြေခံပညာကျောင်းများတွင်လည်း  ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ စားပွဲတင် တင်းနစ်စသည့် အားကစားနည်းများကို ကျောင်းသား/ကျောင်းသူများ လွယ်လင့်တကူကစား လာနိုင်အောင်လည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ဒီလိုတစ်ပြေးညီ ဆောင်ရွက်သွားမှ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ရွက်ပုန်းသီး အားကစားထူးချွန်လူငယ် မောင်/မယ်များ များများ ရရှိလာမှာဖြစ်ပါကြောင်း၊  ထို့အပြင် ရန်ကုန်၊ မန္တလေး အပြင် တိုင်းဒေသကြီးအချို့တွင်လည်း အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့တာကိုလည်း တွေ့မြင် ရမှာဖြစ်တဲ့အပြင် ဒီသင်တန်းကျောင်းဟာ မြန်မာ့အားကစားလောကအတွက် အားကစား ကုန်ကြမ်းများများ မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊

ဒါ့အပြင် ကျွန်တော်တို့ကတစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး National Fitnes ကိုလည်း လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေကျန်းမာမှသာလျှင် ကျွန်တော်တို့နိုင်ငံမှာ ဆေးရုံ/ဆေးခန်းလာတဲ့ လူနာ တွေနည်းပါးသွားမည်ဖြစ်ပါကြောင်း၊ အားကစားမှာ အောင်နိုင်ဖို့ ဆိုရင် ဝန်ကြီးဌာနများပါ ပူးပေါင်းပါဝင်လာမှသာလျှင် အားကစားသမားများအတွက် နောင်ရေး စိတ်အေးရမှာဖြစ်တဲ့ အတွက် ကမ္ဘာ့အဆင့်၊ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေရယူ ပေးနိုင်ခဲ့မယ်ဆိုရင် ဆုရရှိတဲ့ အဆင့်နဲ့ ထိုက်တန်တဲ့ အရာရှိအဆင့်၊ အားကစား နည်းပြ/နည်းစနစ်မှူးအဆင့်တွေအထိ ခန့်ထားပေးခြင်းဖြင့် အားကစား သမားများရဲ့ နောင်ရေး စိတ်အေးချမ်းသာရမှာဖြစ်ပါကြောင်း၊ ၄င်းအပြင် ကျွန်တော်တို့က National Sports Seminar  ပြုလုပ်ရာမှာ အားကစားပညာရှင်များ၊ အားကစားလက်ရွေးစင်ဟောင်းကြီးများ၊  အားကစားအသိပညာရှင်/အတတ်ပညာရှင်များ၊ အဖွဲ့ချုပ်ဥက္ကဌများနှင့်  အားကစားနှင့် သက်ဆိုင်သည့်ပညာရှင်အစုအဖွဲ့များက အားကစားလောကတိုးတက်ရေးအတွက် ဝိုင်းဝန်ဆွေးနွေး၊ ညှိနှိုင်း၊ အကြံဉာဏ်ပြု ဟောပြောခဲ့ပြီး ရရှိလာတဲ့ အချက်အလက်များကို ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း  အဖွဲ့ချုပ်များမှလိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများ၊ အားကစားနည်းအလိုက် ပံ့ပိုးပေးလျက်ရှိပြီး၊ ပြည်တွင်း/ပြည်ပနည်းပြဆရာများကို စဉ်ဆက်မပြတ် ခေါ်ယူငှားရမ်း ဖြည့်ဆည်းပေးနိုင်ခဲ့သလို နိုင်ငံခြားတိုင်းပြည်များသို့ ခေတ်နှင့်အညီတိုးတက် နေသည့် အားကစားနည်းစနစ်/နည်းဥပဒေများကို သူများနိုင်ငံတွေထက် နောက်မကျဘဲ  နိုင်ငံခြား အားကစားပညာတော်သင်များ စေလွှတ်ပေးလျက်ရှိပါကြောင်း၊ သိပ္ပံနည်းကျလေ့ကျင့်မှသာလျှင် အနိုင်ရရှိမှာဖြစ်တဲ့အတွက်ကြောင့် BSc Sports, MSc Sports ဘာသာရပ်တွေကို ရန်ကုန်၊မန္တလေးတက္ကသိုလ်တွေမှာ သင်ကြားပေးလျက်ရှိပြီး  သူတို့ဟာသိပ္ပံနည်းကျ နည်းစနစ်တွေကို လက်ဆင့်ကမ်း သင်ကြားပေးနိုင်တော့မှာဖြစ်ပြီး အားကစားလောက တဖြည်းဖြည်း တိုးတက်လာမယ်လို့ ပြောလိုပါကြောင်း၊ ထို့အပြင် ကျောင်သားအားကစားပွဲတော် များလည်း ပြန်လည်ကျင်းပနိုင်ဖို့  စီစဉ်လျက်ရှိပါကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များရဲ့ အားကစားလုပ်ငန်းများကို  စွမ်းစွမ်းတမံ ဆောင်ရွက်နေတာကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အမိ နိုင်ငံတော်ရဲ့  အားကစားတိုးတက်ဖို့နဲ့  နိုင်ငံတော်ဂုဏ်သိက္ခာ နိုင်ငံတော်ရဲ့ ပုံရိပ် တိုးတက်စေရန် အဖွဲ့ချုပ်များအပါအဝင်အတူတကွ ဝိုင်းဝန်ပူးပေါင်း ဆောင်ရွက် သွားစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအားကစားကလောင်ရှင်များ မီဒီယာအဖွဲ့ချုပ်ဥက္ကဌမှ ၂ဝ၁၇ခုနှစ် အတွက် အကောင်းဆုံးအားကစားသမားစီစစ်ရွေးချယ်ပုံ အသေးစိတ်ကို ရှင်းလင်း တင်ပြပါသည်။

ဆက်လက်ပြီး  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ၂ဝ၁၇ခုနှစ် မြန်မာ့အကောင်းဆုံးအားကစားသမားဆုရ Sports Man of the Year-2017 ဆုရ ထွန်းထွန်းအောင်(ကာယဗလမောင်)အားလည်းကောင်း၊ ၂ဝ၁၇ ခုနှစ် အတွက် မြန်မာ့အကောင်းဆုံးအားကစားသမားဆုရ Sports Women of the Year-2017ဆုရ မမေပိုးဝါ(သေနတ်ပစ်) အားလည်းကောင်း၊ ၂ဝ၁၇ခုနှစ်ဆုရအတွက် အထူးဆုဖြစ်သည့် အကောင်းဆုံးနည်းပြဆရာဆုရ ဦးမင်းဇော်ဦး(ကာယဗလ)အားလည်းကောင်း၊ ၂ဝ၁၇ခုနှစ် အတွက် အသင်းလိုက်အသင်းဆုရ မြန်မာ့ရိုးရာလှေလှော်အသင်းအားလည်းကောင်း၊ ၂ဝ၁၇ခုနှစ် အတွက် အထူးဂုဏ်ပြုဆု Sport Personality Award 2017 ဆုရ MMA  ကမ္ဘာ့လိုက်ဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန် အားလည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါဂုဏ်ပြုဆုများကို အကောင်းဆုံးအမျိုသားဆုအတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ (၁ဝ)သိန်းနှင့် အဖွဲ့ချုပ်မှ (၁ဝ)သိန်း စုစုပေါင်း(၂ဝ)သိန်း၊ အကောင်းဆုံး   အမျိုးသမီး ဆုအတွက်  မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ (၁ဝ)သိန်းနှင့် အဖွဲ့ချုပ်မှ (၁ဝ)သိန်း စုစုပေါင်း (၂ဝ)သိန်း ၊ အကောင်းဆုံးနည်းပြဆုအတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ (၅)သိန်းနှင့် အဖွဲ့ချုပ်မှ (၅)သိန်း စုစုပေါင်း(၁ဝ)သိန်း၊ အကောင်းဆုံးအသင်းဆုအတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ (၅)သိန်းနှင့် အဖွဲ့ချုပ်မှ (၅)သိန်း စုစုပေါင်း(၁ဝ)သိန်းကို ဂုဏ်ပြုဆုငွေအပြင် စုစုပေါင်း သိန်း(၆ဝ)တိတိချီးမြှင့် ပေးခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအားကစားကလောင်ရှင်များအဖွဲ့ချုပ်သို့ အလှူငွေများ ပေးအပ်လှူဒါန်းရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး MMA ကမ္ဘာ့လိုက်ဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန် ၊ အမျိုးသားအကောင်းဆုံးအားကစားသမားဆုရ ထွန်းထွန်းအောင် (ကာယဗလမောင်)နှင့် အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရ မမေပိုးဝါ (သေနတ်ပစ်)တို့က အသီးသီး ဂုဏ်ပြုကျေးဇူးတင်စကားများပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဆုရအားကစားမောင်/မယ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။


back to top Eng