skip to content
 
နေပြည်တော် ဇွန် ၁၀
 
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အကြိမ်(၂၀)မြောက် အာဆီယံ နိုင်ငံများနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲ (20th ASEAN+ Age-Group Chess Championship - 2019) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေး မြို့ မန္တလာ သီရိအားကစားကွင်းရှိ မိုးလုံလေလုံ ဘက်စုံ အားကစားရုံ၌ ကျင်းပသည်။
 
ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာ စကား ပြောကြားရာတွင် ၁၉၈၈ ခုနှစ် က စတင်တည်ထောင်ခဲ့သည့် မြန်မာ နိုင်ငံ စစ်တုရင်အဖွဲ့ချုပ်သည် ဝန်ကြီး ဌာန၏ ပံ့ပိုးမှုဖြင့် ပြည်တွင်းပြိုင်ပွဲများ အပြင် အာဆီယံနှင့် နိုင်ငံတကာပြိုင်ပွဲ များ ကျင်းပနိုင်ခဲ့ပြီး စစ်တုရင် အားကစားကို ပိုမိုတိုးတက်ဖွံ့ဖြိုးရေး နှင့် ပြည်သူများ ပိုမိုစိတ်ဝင်စား လေ့ကျင့် ကစားနိုင်ရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာ့ စစ်တုရင် အဖွဲ့ချုပ်(Federation Internationale des Echecs - FIDE) အသိအမှတ်ပြု စစ်တုရင်ဒိုင်လူကြီးများ နှီးနှောဖလှယ်ပွဲ များကို လည်းကောင်း၊ ဒိုင်သင်တန်း နည်းပြဆရာများ နှီးနှောဖလှယ်ပွဲကို လည်းကောင်း မြန်မာနိုင်ငံက အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပနိုင်ခဲ့ပါကြောင်း။
 
ယခုပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း ကိုးနိုင်ငံမှ အားကစားသမားပေါင်း ၄၃၀ က သက်တမ်းအလိုက် ပြိုင်ပွဲများ တွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားကစားသမားအနေဖြင့် အားကစား သမားစိတ်ဓာတ်ပြည့်၀စွာဖြင့် ဆုတံဆိပ် များ သာမက FIDE မှ Grandmaster အဆင့်သတ်မှတ်မှုအပါအဝင် နိုင်ငံတကာ အဆင့်သတ်မှတ်မှုများ ရရှိဆွတ်ခူးနိုင်ရေး အကောင်းဆုံးယှဉ်ပြိုင်သွားကြမည် ဖြစ် ပါကြောင်း။
 
နိုင်ငံအသီးသီးမှ စစ်တုရင် အားကစားသမားများအနေဖြင့် FIDE ၏ ဆောင်ပုဒ်ဖြစ်သော ''မိမိတို့အားလုံး သည် တစ်ဦးတည်း ပမာပင်ဖြစ်သည်''နှင့်အညီ ချစ်ကြည်ရင်းနှီးမှု ကွန်ရက်ကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် စစ်တုရင် ပထမရွှေ့ကွက်ရွှေ့၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မ္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အာဆီယံစစ်တုရင် အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် မှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် စစ်တုရင် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
 
 
အဆိုပါ ပြိုင်ပွဲကို ဇွန် ၉ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်တုရင် အားကစားသမား ၁၉၃ ဦး၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ မလေးရှား၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စစ်တုရင်အားကစားသမား ၂၃၇ ဦး ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ဆေးရုံကြီးများ ဘက်စုံတိုးတက်ရေး မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်၍ ပြည်သှူဆေးရုံကြီး များ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းပေးနိုင်ရန်အတွက် မ္တလေး တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ၊ ဌာနမှူး များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ သူနာပြုအုပ်များ၊ တာဝန်ရှိသူများ၊ ခရိုင် နှင့် မြို့နယ်ပြည်သှူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံ ဆွေးနွေးသည်။
 
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတွင် ၁၆ ခုတင်ဆံ့ဆေးရုံမှ ခုတင် ၂၀၀၀ ဆံ့ဆေးရုံအထိ ဆေးရုံ ပေါင်း ၁၁၄၄ ရုံရှိပြီး ၂၀၁၈-၁၉ ခုနှစ် ဘဏ္ဍာနှစ်တွင် ဆေးဝါးဝယ်ယူရန် အတွက် ငွေကျပ် ဘီလီယံကျပ် ၁၂၀၊ ဆေး ပစ္စည်း ကိရိယာဝယ်ယူရန်အတွက် ငွေကျပ် ၆၄ ဘီလံယံကျပ် လျာထားခဲ့ ပါကြောင်း။
 
ဝန်ကြီးဌာနမှ ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူဖြန့်ဖြူးရာတွင် စနစ်တကျ အလေအလွင့် မရှိစေရေးစနစ်တကျ သုံးစွဲမှုကြောင့်လည်းကောင်း၊ နိုင်ငံတော် မှ ထပ်မံခွင့်ပြု၍လည်းကောင်း ဆေးဝါး ဝယ်ယူရန် ရရှိလာသော ငွေကျပ် ၂၅ ဘီလီယံနှင့် ဆေးပစ္စည်းကိရိယာ ဝယ်ယူရန် ရရှိလာသော ငွေကျပ် ၃၂ ဘီလီယံ စုစုပေါင်း ငွေကျပ် ၅၇ ဘီလီယံကျပ် ကို စနစ်တကျ အမြန်ဆုံးအသုံးပြု ဝယ်ယူသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ပြည်သှူဆေးရုံ ကြီးများအလိုက်၊ ဆေးလက်တွေ့ပညာ ဘာသာရပ်ဌာနများအလိုက် ဆေးနှင့် ဆေး ပစ္စည်းကိရိယာ၊ ဓာတ်ခွဲစမ်းသပ်မှု၊ တည်ဆောက်ပြုပြင်ရေး၊ စီမံခန့်ခွဲမှု၊ ဆေးနှင့် ဆေးနှီးနွှယ် ပညာသင်ကြားမှု၊ ဝန်ထမ်းရေးရာ စသည့်လိုအပ်ချက်များ ကို ဦးစားပေးအလိုက် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးသွားကြရန် ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်၀ကောင်းမွန်သည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို ပိုမိုစနစ်တကျတိကျစွာ ဝယ်ယူနိုင်ရန် အတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာ အမျိုးမျိုးအတွက် အရည်အသွေး သတ်မှတ်ချက်များ (specification bank) ကို ပြုစုထားရှိ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
 
 
မြန်မာနိုင်ငံတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါဖြစ်ပွားမှုမှာ တစ်စထက် တစ်စ များပြားလာလျက်ရှိရာ ဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ ကျေးလက်ကျန်းမာရေးဌာန ၅၄၀ တွင် သွေးတိုးနှင့် ဆီးချိုရောဂါ စစ်ဆေးကုသမှု ဆေးခန်းများကို အပတ် စဉ် ဖွင့်လှစ်ကာ စစ်ဆေးကုသမှုပေးလျက် ရှိပါကြောင်း။
 
ဝန်ထမ်းများ တာဝန်ကျရာနေရာ ဒေသတွင် သက်သောင့်သက်သာနေထိုင် နိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာများကို လည်း အရှိန်အဟုန်ဖြင့် ဆောက်လုပ် လျက်ရှိရာ အခန်းပေါင်း ၆၇၃၆ ခန်း ပြီးစီးခဲ့ပြီး ဆောက်လုပ်လျက်ရှိသည့် အခန်းပေါင်း ၁၀၃၇၇ ခန်းအနက် အများစုမှာ ယခုနှစ်အတွင်း ထပ်မံပြီးစီး မည် ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်း များ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေများ ပိုမိုသိသာစွာ တိုးမြှင့် ခွင့်ပြု အသုံးပြုဆောင်ရွက်လျက်ရှိပြီး သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်းများကိုလည်း ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်)တွင် သုတေသန စွမ်းဆောင်ရည်မြှင့် ဌာနကြီးအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း။
 
ဆေးရုံများ၊ ခရိုင်နှင့် မြို့နယ် ပြည်သှူကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနများမှ ဦးစားပေး လိုအပ်ချက်များ တင်ပြတောင်းခံမှုများကို ဘဏ္ဍာငွေ ခွင့်ပြုရရှိမှုအပေါ် မူတည်၍ ယခုဘဏ္ဍာ နှစ်တွင် ဖြည့်ဆည်းပေးနိုင်သည်များကို ယခုဘဏ္ဍာနှစ်တွင် လည်းကောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းပေး နိုင်မည်များကို လာမည့်ဘဏ္ဍာနှစ်တွင် လည်းကောင်း အတတ်နိုင်ဆုံးဖြည့်ဆည်း ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
 
ဆက်လက်၍ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ၊ ဌာနမှူး များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ် များ၊ တိုင်းဒေသကြီး ပြည်သှူကျန်းမာရေး ဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပြည်သှူ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ဆေးနှင့် ဆေးပစ္စည်း ကိရိယာ၊ ဓာတ်ခွဲစမ်းသပ်မှု၊ ကုသမှု၊ တည်ဆောက်ပြုပြင်ရေး၊ စီမံခန့်ခွဲမှု၊ ဆေးနှင့်ဆေးနှီးနွှယ် ပညာသင်ကြားမှု၊ ဝန်ထမ်းရေးရာနှင့် အထွေထွေကိစ္စရပ်များ နှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြခဲ့ပြီး အကြံပြုဆွေးနွေးချက်များ ပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အကြံပြုဆွေးနွေး ချက်များအပေါ် တစ်ခုချင်းစီအလိုက် အသေးစိတ်ဆွေးနွေးခဲ့ပြီး ချက်ချင်း ဖြည့်ဆည်းပေးနိုင်သည်များကို ချက်ချင်း ဖြည့်ဆည်းပေးကာ ရေရှည်ဆောင်ရွက် ရမည်များကို အဆင့်လိုက်၊ အပိုင်း လိုက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိ သူများနှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
 
Credit: သတင်းစဉ်

back to top Eng