skip to content
 
နေပြည်တော်၊ သြဂုတ်လ(၂၁)ရက်။
 
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို ဂျာကာတာမြို့နှင့် ပလန်ဘန်းမြို့တို့ရှိ အားကစားရုံ၊အားကစားကွင်း အသီးသီး၌ ယနေ့ တတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိပြီး အဆိုပါပြိုင်ပွဲများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။
 
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာအားကစားသမားများ တည်းခိုရာ ဂျာကာတာမြို့ရှိ အားကစားကျေးရွာသို့ ရောက်ရှိလာပြီး တည်းခို နေထိုင် စားသောက်မှုများကို ကြည့်ရှုစစ်ဆေးပါသည်။
 
ဆက်လက်၍ ဂျာကာတာမြို့ရှိ မြားပစ်ကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသော မြားပစ်ပြိုင်ပွဲတွင် အမျိုးသမီး အဆင့်သတ်မှတ်ချက်ဖြစ်သော Ranking Round  ပြိုင်ပွဲတွင်မြန်မာမှ သီတာနွယ်က မြား(၇၂)ချောင်းဖြင့် ပစ်ခတ်ရာတွင် (၃၁၆+၃၁၁=စုစုပေါင်း၆၂၇)မှတ်ဖြင့် ပြိုင်ပွဲဝင်(၆၆)ဦးတွင် အဆင့်(၂၈) ရရှိကာ ပြိုင်ပွဲအပြီး ဒုတိယဝန်ကြီးမှ မြားပစ်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားပါသည်။
 
  
 
ဆက်လက်၍ ဂျာကာတာမြို့ရှိ ဝူရှူးအားကစားရုံ၌ ကျင်းပသော ဝူရှူးအားကစား ထောက်လုအမျိုးသား ထိုက်ကျွိချွမ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ငြိမ်းချမ်းကိုကို ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမနေ့ ရမှတ် (၉.၆၉)မှတ်ဖြင့် အဆင့်(၇)ဖြင့်လည်းကောင်း၊ ခန့်မင်းထက်မှ (၉.၄၁)မှတ်ဖြင့် အဆင့်(၁၄)တွင်လည်းကောင်းအသီးသီးရရှိခဲ့ပြီး ဒုတိယနေ့တွင် ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။
 
ဆက်လက်၍ အမျိုးသား နန်းချွမ်+နန်းကွန့် ပြိုင်ပွဲတွင် မြန်မာမှ သိန်းသန်းဦး ဒုတိယနေ့အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ (၉.ဝ)မှတ်ရရှိခဲ့ပြီး (၂)ရက်ပေါင်းရမှတ်(၁၈.၆၈)မှတ်ဖြင့် အဆင့်(၁၆)ရရှိခဲ့ပါသည်။
 
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ JSC Roneu Stadium  အားကစားရုံ၌ အမျိုးသမီး (၃) ယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုနောက်ဆုံးပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့်ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ မြန်မာအသင်းမှ ဂျပန်အသင်းကို (၃)ပွဲ ပြတ်ဖြင့် အနိုင်ရရှိသွားကာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီး (၂၂.၈.၂ဝ၁၈)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။
 
  
 
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ Jakabaring Lake Rowing တွင်ကျင်းပသည့် အမျိုးသမီး နှစ်ယောက်တွဲ မီတာ(၂ဝဝဝ)နှင့် အနောက်တိုင်းလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ရွှေဇင်လတ် နှင့် နီလာဝင်းအတွဲမှ စံချိန်(၈း၃၃း၈ဝ)စက္ကန့် ပထမအဆင့်ဖြင့်ပန်းဝင်ခဲ့သောကြောင့် ဗိုလ်လုပွဲတက်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
 
ဆက်လက်၍ Jakabaring Shooting Range  တွင်ကျင်းပသည့် အမျိုးသား (၁ဝ)မီတာ လေပစ္စတိုပြိုင်ပွဲတွင် မြန်မာမှ ရဲထွန်းနောင်နှင့် ကျော်စွာဝင်းတို့ ယှဉ်ပြိုင်ရာ ရမှတ်(၅၇၇)မှတ်ဖြင့် အဆင့် (၁၁) ရရှိခဲ့ပြီး ကွာလာဖိုင်းဝင်ရန် ရမှတ်(၂)မှတ် အလိုဖြင့်သာ ကျေနပ်လိုက်ရကြောင်း သတင်းရရှိပါသည်။
 

 


back to top Eng