skip to content

နေပြည်တော်၊ သြဂုတ်လ(၂ဝ)ရက်။      

အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို ဂျာကာတာမြို့နှင့် ပလန်ဘန်းမြို့တို့ရှိ အားကစားရုံ၊အားကစားကွင်း အသီးသီး၌ ယနေ့ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အဆိုပါပြိုင်ပွဲများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

ရှေးဦးစွာ ဂျာကာတာမြို့ရှိ Indoor Stadium အားကစားရုံ၌ ကျင်းပပြုလုပ်သောတိုက်ကွမ်ဒိုပြိုင်ပွဲ အမျိုးသမီး(၅၃)ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဒေစီဦးဂျူးလိယက်နှင့် ထိုင်းနိုင်ငံမှ အားကစားသမား တို့ယှဉ်ပြိုင်ကစားရာ မြန်မာမှဒေစီဦးဂျူးလိယက် ရှုံးနိမ့်၍လည်းကောင်း၊ အမျိုးသား(၅၇)ကီလိုတန်းအတိုက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဇော်လင်းထက်နှင့် အာဖဂန်နစ္စတန်မှ အားကစားသမားတို့ယှဉ်ပြိုင်ကြရာ မြန်မာမှ ဇော်လင်းထက်တို့ ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍ ဂျာကာတာ ဝူရှူးအားကစားရုံ၌ ကျင်းပပြုလုပ်သော ဝူရှူးပြိုင်ပွဲ ထောက်လုအားကစားနည်း တွင် ထိုက်ချိချွမ်၊ ထိုက်ကျိကျန်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မြတ်နိုးအိမ် ဝင်ရောက်ယှဉ်ပြိုင်ရာ (၂)ရက်ပေါင်းရမှတ် (၁၉.ဝ၄)မှတ်ဖြင့် အဆင့်(၁ဝ)သာရရှိခဲ့ပြီး ထောက်လုအမျိုးသမီး နန်းသောင်း၊ နန်းချွမ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အေးသစ္စာမြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ယနေ့ရမှတ် (၉.၆၇)မှတ် (၂)ရက်ပေါင်းရမှတ်(၁၉.ဝ၁)မှတ်ဖြင့် အဆင့်(၇)သာ ရရှိ၍လည်းကောင်း၊ ထောက်လုအမျိုးသား နန်းသောင်း၊ နန်းချွမ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ သိန်းသန်းဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ယနေ့ပွဲစဉ်တွင် (၉.၆၈)ရမှတ်ဖြင့် အဆင့် (၆)ရရှိပြီး မနက်ဖြန်ပွဲစဉ်တွင် ဆက်လက် ယှဉ်ပြိုင် ကစားမည်ဖြစ်ပါသည်။

ဆက်လက်၍ ပလန်ဘန်းမြို့၌ ယှဉ်ပြိုင်လျက်ရှိသော ပိုက်ကျော်ခြင်း အမျိုးသမီး(၃)ယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ(၃)ပွဲပြတ်ဖြင့်အနိုင်ရရှိသွားပါသည်။

ဆက်လက်၍ ပလန်ဘန်းမြို့၌ ယှဉ်ပြိုင်လျက်ရှိသော 10M Air Rifle Women သေနတ်ပစ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အေးမြတ်ရတနာဦး ဝင်ရောက်ယှဉ်ပြိုင်ရာ(၆ဝ၄.၆)မှတ်ဖြင့် အဆင့်(၃၉)သာရရှိခဲ့ပါသည်။

ဆက်လက်၍ ပလန်ဘန်းမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲတွင် အမျိုးသား(၈)ယောက် တွဲပြိုင်ပွဲကို မြန်မာမှ လက်ရည်စစ်ဖြင့်လည်းကောင်း၊ (၄)ယောက်တွဲ အမျိုးသမီးလက်ရည်စစ်ပြိုင်ပွဲကို အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မနက်ဖြန်လက်ရည်စစ်ပွဲအဖြစ် ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

ဆက်လက်၍ ဂျာကာတာမြို့အားကစားကွင်း၌ ကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အီရန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ အီရန်အသင်းကို(၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍  အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်းနှင့်ကာဇက်စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ ကာဇက်စတန်အသင်းကို ရမှတ် (၁၇-၂၅) (၂၅-၂၂) (၂၅-၁၉) (၂၅-၁၈) (၃)ပွဲ (၁)ပွဲ ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

 


back to top Eng