မန္တလေး ၂၈ ဇူလိုင်
အထက်မြန်မာပြည်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၂၇ ခုမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို မန္တလာသီရိအားကစားကွင်းရှိ Multipurpose Stadium အားကစားခန်းမတွင် ဇူလိုင် ၂၇ ရက်ညနေပိုင်းက ကျင်းပရာ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ တိုင်းဒေသကြီး ကြက်တောင်ဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူ နည်းပြများ၊ ကျောင်းသားကျောင်းသူများ၊ ကြက်တောင်အားကစား ဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
တက္ကသိုလ်ကောလိပ် ကျောင်းသား၊ ကျောင်းသူ အားကစားသမား ၃၃၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် အမျိုးသား၊ အမျိုးသမီး အသင်းလိုက် ပြိုင်ပွဲများ၌ ဆုရရှိကြသူများကို ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်နှင့် မန္တတိုင်းဒေသကြီး ကြက်တောင်ဆပ်ကော်မတီဥက္ကဋ္ဌတို့က ဆုများချီးမြှင့်ကြသည်။ ဆက်လက်၍ အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများတွင် ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုငွေနှင့် ဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အထက်မြန်မာပြည်တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကြက်တောင်ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက် ပထမဗိုလ်စွဲသည့် ရတနာပုံတက္ကသိုလ်အသင်းအား မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မောင်လွင်မှ တံခွန်စိုက် ပထမဆုဖလားကို လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် အသင်းလိုက် ပထမဗိုလ်စွဲသည့် တောင်ကြီးတက္ကသိုလ်အသင်းအား မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်က တံခွန်စိုက် ပထမဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)