skip to content
 
ရန်ကုန် ဒီဇင်ဘာ (၂၆)
 
၂ဝ၁၈-၂ဝ၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၄) ဒုတိယနေ့ကို ယနေ့ ညနေပိုင်းက ပဒုမ်မာကွင်း၌ ကျင်းပရာ ဇွဲကပင်အသင်းက တက်ကသိုလ်အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရပြီး ပထမဆုံးနိုင်ပွဲရရှိခဲ့သည်။
 
ဇယားအောက်ဆုံးမှနှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး ပထမဆုံးနိုင်ပွဲအတွက် နှစ်သင်းစလုံး ကြိုးစားခဲ့ကာ ဇွဲကပင်အသင်းက ဂိုးပြတ်နိုင်ပွဲရယူနိုင် ခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး တက္ကသိုလ်အသင်း ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ (၄) မိနစ်တွင် ဇွဲကပင်အသင်း ဂိုးစတင်ရရှိခဲ့ပြီး နန်းဟွမ်လှိုင်က သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ဇွဲကပင်အသင်းကစားပုံ ပိုကောင်းလာပြီး ၃ဝ၊ ၃၈ မိနစ်တွင် စန်းသော်သော်၊ ၄၄ မိနစ်တွင် နန်းဟွမ်လှိုင်နှင့် ၅၄ မိနစ်တွင် ဝင်းဝင်း တို့က ဂိုးများထပ်မံသွင်းယူခဲ့သည်။
 
တက္ကသိုလ်အသင်းအတွက် ချေပဂိုးများကို ၃၇ မိနစ်တွင် ပြည့်ပြည့်ဇော်နှင့် ၉ဝ+၁ မိနစ်တွင် နှင်းစန်ဒာလှိုင်တို့က သွင်းယူခဲ့သည်။ တက္ကသိုလ်အသင်း သည် လေးပွဲဆက်အရှုံးကြောင့် ဇယားအောက်ဆုံးမှ ရုန်းထွက်နိုင်ခြင်း မရှိသေးဘဲ ဇွဲကပင် အသင်းမှာမူ ဇယားအလယ်ပိုင်းသို့ရောက်ရှိရန် မျှော်လင့်ချက်ရှိလာခဲ့သည်။ ပွဲစဉ် (၄) တတိယနေ့ကို ဒီဇင်ဘာ ၂၇ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး သစ္စာအားမာန်အသင်းနှင့် အား/ကာဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
 
မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်
 

back to top Eng