နေပြည်တော်၊ဇူလိုင်(၂၂)ရက်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့၏ ပူးပေါင်းမှုဖြင့် အိုလံပစ်သွေးစည်းညီညွတ်ရေး အစီအစဉ်အရ ဖွင့်လှစ်သည့်အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများ သင်တန်း (၁/၂ဝ၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈:ဝဝ)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အိုလံပစ်ကော်မတီ အဖွဲ့ဝင်များ၊ သင်ခန်းစာပို့ချမည့် ဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေနဲ့ အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အဖက်ဖက်မှ ကူညီထောက်ပံ့ပေးနေသော အချိန်အခါကောင်းလည်းဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက ချမှတ်ပေးထားတဲ့ အိုလံပစ်အတွေးအခေါ်၊ ယဉ်ကျေးမှု၊ ပညာပေးမှုဆိုင်ရာ အိုလံပစ်အသိပညာ ခံယူချက်များကိုလည်း အခြေခံကစပြီး သိရှိနားလည် သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ တိုးတက်ပြောင်းလဲနေသော ခေတ်မီ အားကစားဆိုင်ရာ စီမံခန့်ခွဲရေးပညာရပ်များကို အချိန်နှင့်တပြေးညီ လေ့လာဆည်းပူးကြရန် လိုအပ်ပါကြောင်း၊ အမျိုးသား အားကစားအဆင့် တိုးတက်မြင့်မားရေး လုပ်ငန်းများတွင် ခေတ်မှီသိပ္ပံနည်းကျ အားကစားနည်းစနစ်၊ နည်းဗျူဟာများ၊ ကျွမ်းကျင်သောအားကစားသမား၊ အားကစားနည်းပြ၊ နည်းစနစ်မှူး၊ အားကစားဆိုင်ရာ အုပ်ချုပ်စီမံခန့်ခွဲသူများ၊ မျိုးဆက်သစ်အားကစားသမားများ၊ အရည်အချင်း ပြည့်ဝသောဒိုင်လူကြီးများ လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် အားကစားအသိပညာ၊ အတတ်ပညာများနှင့် မိမိတို့တွင်ရှိသော အတွေ့အကြုံကောင်းများ ပေါင်းစပ်ပြီး မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်သွေးစည်းညီညွတ်မှု အစီအစဉ်နှင့် ဖွင့်လှစ်သွားမည့် အမျိုးသားအဆင့် အားကစားစီမံခန့် ခွဲသူများ သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှ အကူအညီပေးခဲ့ကြသော သင်တန်းတာဝန်ခံများနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားအဆင့်အားကစားစီမံခန့်ခွဲသူများသင်တန်း (၁/၂ဝ၁၉) သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက် ဂါရဝပြုခဲ့ကြပါသည်။ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။အဆိုပါသင်တန်းကို (၂၂.၇.၂ဝ၁၉) ရက်နေ့မှ (၂၆.၇.၂ဝ၁၉) ရက်နေ့အထိ သင်တန်းသား (၁၈) ဦး၊ သင်တန်းသူ(၂၂) ဦး၊ စုစုပေါင်း (၄ဝ) ဦးဖြင့် သင်တန်းပို့ချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။