skip to content

နေပြည်တော်၊ ဇန်နဝါရီလ(၁၅)ရက်။       

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်သော အားကစားနည်းပြ  မွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈:၀၀) နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Multipurpose Hall၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တတ်ရောက်ခဲ့ကြပါသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ယခု အားကစားနည်းပြမွမ်းမံ(၁)လ သင်တန်းအား တတိယအကြိမ်မြောက် ဖွင့်လှစ် ခြင်းဖြစ်ပါကြောင်း၊ နည်းပြများ၏ အားကစားအရည်အချင်း၊ အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် နည်းပြကောင်းများ ပေါ်ထွက်လာနိုင်စေရန် ရည်ရွယ်ပါကြောင်း၊ အားကစားနည်းပြမွမ်းမံ (၁)လသင်တန်းကို (၁)နှစ်တွင် (၃)ကြိမ် ဖွင့်လှစ်ပေးမည် ဖြစ်ပါကြောင်း၊ သင်တန်းမှ ထူးချွန်သူများကို နိုင်ငံခြားသို့ ပညာတော်သင်စေလွတ်ပြီး ပညာသင်ကြားခွင့် အခွင့်အလမ်းကောင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် တိုးတက်ပြောင်းလဲ နေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ သိရှိနားလည်ခဲ့ပြီး ဖြစ်ပါကြောင်း၊  နည်းပြများ အနေဖြင့် ကျောင်းလက်ရွေးစင်မှ မြန်မာ့လက်ရွေးစင် ဖြစ်လာအောင် ပြုစုပျိုးထောင်ပေး ပြီး နိုင်ငံ့ဂုဏ်မြှင့်တင် ပေးနိုင်သည့် နည်းပြကောင်းများ ဖြစ်လာစေရန် သင်ခန်းစာများ၊ သုတေသနများကို အထူးကြိုးစားလုပ်ဆောင်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ သင်တန်းသား/သင်တန်းသူများ ကိုယ်စားသင်တန်းသား ဦးစန်းမြင့်အောင်၊ သင်တန်းသူ ဒေါ်စဝ်မြတ်သီတာတို့(၂)ဦး အား သင်တန်းဆင်း အောင်လက်မှတ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၁၉) သင်တန်းပိတ်ပွဲကို ရုတ်သိမ်းခဲ့ပါ သည်။

အဆိုပါ အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၁၉)သင်တန်းကို (၁၆.၁၂.၂၀၁၉)ရက်နေ့မှ (၁၅.၁.၂၀၂၀)ထိသင်တန်းသား/သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


back to top Eng