skip to content
 
 
နေပြည်တော်၊ နို၀င်ဘာလ(၃၀)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကျင်းပပြုလုပ်သည့် အားကစားနည်းပြ အဆင့်မြင့် (၁)လသင်တန်း(၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားအား နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall တွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာ၀န်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
 
  
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်ပါကြောင်း၊ သင်တန်းမှတဆင့် ထူးချွန်ထက်မြတ်သော နည်းပြကောင်းများပေါ်ထွက်လာစေရေးအတွက် ရေရှည်စီမံကိန်းများဖြင့် နည်းပြများ၏ အားကစားအရည်အသွေး၊ အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်နည်းပြကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်ပါကြောင်း၊ ယခုအားကစားနည်းပြ (၁)လသင်တန်းအား စဉ်ဆက်မပြတ်စီမံကိန်းများဖြင့် (၄)လတစ်ကြိမ်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ (၁)နှစ်မှာ (၃)ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းများကို (၃)လသင်တန်း၊ (၁)နှစ်သင်တန်းများအထိ ဖွင့်လှစ်ပေးပြီး အားကစား Diploma ရရှိသည်အထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ထူးချွန်ထက်မြက်နည်းပြကောင်းများကိုရွေးချယ်ပြီး နိုင်ငံခြားသို့ ပညာတော်သင်ကြားနိုင်ရေး အခွင့်အလမ်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်ကြားပို့ချပေးလိုက်သော သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့ကျွမ်းကျင်ပိုင်နိုင်မှသာ မျိုးဆက်သစ်လူငယ် အားကစားသမားများကို အကောင်းဆုံး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အားကိုးအားထိုက်သော အရည်အချင်းပြည့်၀သည့် နည်းပြကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်းတိုက်တွန်းမှာကြားခဲ့ပါသည်။
 
 
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသားများကိုယ်စား သင်တန်းသားကိုယ်စားလှယ် (၁)ဦးသို့ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng