skip to content

နေပြည်တော်၊ ဇူလိုင်(၉)ရက်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁ဝ)နာရီ အချိန်တွင် ရုံးအမှတ်(၃၁)၊ အစည်းအဝေးခန်းမ၌ ၂ဝ၁၈ခုနှစ်၊ (၂၅) ကြိမ်မြောက် ဟိုချီမင်းမြို့တော် အပြည်ပြည်ဆိုင်ရာ ပြေးခုန်ပစ်အလွတ်တန်း ဖိတ်ခေါ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်အားကစား အဖွဲ့ဝင်များအား လိုအပ်သည်များကို တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များမှ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်အား တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုကြပါသည်။

ထို့နောက် မြန်မာနိုင်ငံပြေးခုန်ပစ်ဒုတိယဥက္ကဌဦးမြသန်းထိုက်မှ ရှင်းလင်းတင်ပြရာ ယခုသွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲသည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဇူလိုင်လ(၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂ဝ၁၈ခုနှစ်၊ (၂၅) ကြိမ်မြောက် ဟိုချီမင်းမြို့တော် အပြည်ပြည်ဆိုင်ရာ ပြေးခုန်ပစ်အလွတ်တန်း ဖိတ်ခေါ်ပြိုင်ပွဲသို့ နလနညအ (၅)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါကြောင်း၊ ယခုလိုသွားရောက်ယှဉ်ပြိုင်ရခြင်းမှာ အတွေ့အကြုံကောင်းများ ရရှိရန်နှင့် ပြိုင်ဘက်နိုင်ငံများ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်လေ့လာပြီး အောင်မြင်မှုများရရန်အတွက် ကြိုးစားယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် ပြိုင်ပွဲများတွင်မျိုးဆက်သစ်လူငယ်များမှ မိမိတို့၏သက်ဆိုင်ရာအားကစားနည်း စံချိန်များကို ပိုမိုတိုးတက်အောင်ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရန်လိုအပ်ကြောင်း၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများကိုလည်း အစဉ်အမြဲကြိုဆိုလျက်ရှိပါကြောင်း၊ မိမိတို့အားကစားအဖွဲ့၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများကို ပြန်လည်သုံးသပ် ပြင်ဆင်ပြီး အစဉ်အမြဲတိုးတက်၍ အောင်မြင်မှုများရရှိအောင် နည်းပြများမှလည်း လိုအပ်သည် များကိုအကြံပြုပေးစေလိုကြောင်း၊ သက်ဆိုင်ရာအဖွဲ့ချုပ်များကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း မှာကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 


back to top Eng