skip to content

ရန်ကုန်၊ နို၀င်ဘာလ(၂၁)ရက်။             

အားကစားလေ့ကျင့်ရေးတွင် Sports Science ပညာရပ်အား ထိရောက်စွာထည့်သွင်း အသုံးချနိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် (၁)နာရီက ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန် ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် က အဖွင့်အမှာစကားပြောကြားရာတွင် Sports Science  ပညာရပ်သည် အားကစားလေ့ကျင့်ရေးတွင် မပါရင်မဖြစ်ဖြစ်ပြီး အရေးကြီးပါကြောင်း၊ အခြားအာဆီယံနိုင်ငံများနှင့် မယှဉ်နိုင်သေးသည့်အတွက် တွန်းတွန်းတိုက်တိုက်နှင့် ဆောင်ရွက်သွားရမှာဖြစ်သည့်အတွက် Sports Science နှင့်ပတ်သက်သည့် Seminar  နှီးနှောဖလှယ်ပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ဇန်နဝါရီလ(၂၁)ရက်နေ့တွင် မြန်မာနိုင်ငံ ဆရာ၀န်များအသင်း၌ ဆရာ၀န်ကြီးများနှင့် သီးသန့်ဆွေးနွေးသွားမှာဖြစ်ပြီး ဇန်နဝါရီလ(၂၂)ရက်နေ့တွင် Novotel  Hotel ၌ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာ၀န်ရှိသူများနှင့် နှီးနှောဖလှယ် ဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ ထိုဆွေးနွေးပွဲကို ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ယူကေ၊ ယူအက်(စ်)အေ နှင့် ကိုးရီးယားတို့မှ ပညာ ရှင်များက လာရောက်ဆွေးနွေးပေးသွားမှာ ဖြစ်ပါကြောင်း၊ ၄င်းဆွေးနွေးပွဲမှ အကျိုးရလဒ်များစွာ ရရှိလာမှာ ဖြစ်သည့်အတွက် အဖွဲ့ချုပ်များအားလုံးမှ ဝိုင်း၀န်းကူညီ အကြံဉာဏ်များပေး၍ ဆောင်ရွက်သွားစေလိုကြောင်း၊ ပြည်ထောင်စု၀န်ကြီး၏ လမ်းညွှန်ချက်အရ ((EIM) ကို တစ်ပြည်လုံးနှင့်ဆောင်ရွက်နေပါကြောင်း၊ (EIM) Exercise is Medicine ကို လုပ်ဆောင်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်လာသည့်အတွက် အားကစား၌ ထူးချွန်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း လျော့နည်းခြင်း၊ ဆေးရုံကြီးများ၌ ဆေးကုသမှုများ လျော့ပါးလာသည့် အတွက် ဆေးရုံကြီးတွေမှာ သုတေသနလုပ်ငန်းများနှင့် ကာကွယ်ရေးတွေကို ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယအမြဲတမ်း အတွင်း၀န် ဦးမြသန်းထိုက် နှင့် တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာ၀န်ရှိ ပုဂ္ဂိုလ်များက ဝိုင်း၀န်းဆွေးနွေးအကြံပြုကြပြီး ဒုတိယ၀န်ကြီးဒေါက်တာ မြလေးစိန်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


back to top Eng