ရန်ကုန်၊ ဇူလိုင်လ(၉)ရက်။
ထိုင်းနိုင်ငံပတ္တာရားမြို့တွင် ဇွံန်လ(၂၀)ရက်မှ (၂၃)ရက်နေ့ အထိ ကျင်းပခဲ့သည့် 2019 SEA Canoe Sprint Championships ပြိုင်ပွဲနှင့် 2019 SEARF Junior & Senior Rowing Championships တွင်သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၆)ခု ၊ ငွေတံဆိပ်(၄)ခု ၊ ကြေးတံဆိပ်(၅)ခု ဆုတံဆိပ်ပေါင်း(၁၅)ခုရရှိခဲ့သော အောင်ပွဲရလှေလှော်အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၈)ရက် ည(၆)နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ Dagon Golf City ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့်ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ နာယကများ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်နှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလှူရှင်များ၊ ဆုရအားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ကျေးဇူးတင်၀မ်းမြောက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ အောင်ပွဲရအားကစားသမားများအား ဆုချီးမြှင့်မည့် အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများက အလှူငွေများအားလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ဂျူနီယာကနူးတစ်ယောက်လှော် မီတာ(၁၀၀၀)၊ မီတာ(၅၀၀) ၊ မီတာ (၁၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်(၃)ဆုရ မျိုးလှိုင်၀င်းအား ရွှေတံဆိပ်တစ်ခုလျှင်ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် ရွှေ(၃)ဆုအား ငွေကျပ်သိန်း(၃၀)၊ ကနူးတစ်ယောက်လှော် မီတာ(၁၀၀၀)၊ မီတာ(၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ဆုရ သန့်စင်ဦးအား ရွှေတံဆိပ်တစ်ခုလျှင်ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် ရွှေ(၂)ဆုအတွက် ငွေကျပ်သိန်း(၂၀)၊ ကယက်တစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ဆုရ အောင်မျိုးသူအား ငွေကျပ်(၁၀)သိန်းတို့ကို ပေးအပ်၍လည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် နာယက ဦးစိန်ထွန်းက ကနူး(၂)ယောက်လှော် မီတာ(၅၀၀)၊ မီတာ(၂၀၀)နှင့် ကယက်တစ်ယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်(၃)ဆုရ သန့်စင်ဦးနှင့်၀င်းထိုက်တို့အား ငွေတံဆိပ်တစ်ခုလျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် ငွေ(၃)ခုအတွက် ငွေကျပ်(၁၅)သိန်း၊ ဂျူနီယာကယက်(၁)ယောက်လှော်မီတာ(၁၀၀၀)၊ မီတာ(၅၀၀)ပြိုင်ပွဲတွင် ကြေးတံဆိပ်(၂)ဆုရ ထွန်းမင်းသန့်အား ကြေးတံဆိပ်တစ်ဆုလျှင် ငွေကျပ်(၂)သိန်း(၅)သောင်းနှုန်းဖြင့် ငွေကျပ်(၅)သိန်းတို့ ကိုပေးအပ်၍လည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းတိုးက ဂျူနီယာတစ်ယောက်လှော် မီတာ(၂၀၀၀)၊ သက်ကြီးတန်း တစ်ယောက်လှော် မီတာ(၂၀၀၀) ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုရရှိသော ဝေယံမိုးအား ငွေတံဆိပ်တစ်ခုလျှင် ငွေကျပ်(၅)သိန်းနှုန်း၊ ကြေးတံဆိပ်တစ်ခုလျှင် ငွေကျပ်(၂) သိန်း(၅)သောင်း နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၇)သိန်း(၅)သောင်း၊ Rowing တစ်ယောက်လှော် မီတာ(၂၀၀၀)ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရ ရွှေဇင်လတ်၊ Rowing နှစ်ယောက်လှော် မီတာ(၂၀၀၀)ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရ နီလာ၀င်းနှင့်အေးသူဇာတို့အား ဆုတစ်ခုလျှင် ငွေကျပ် (၂)သိန်း(၅)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၅)သိန်းတို့ကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က ဆုရရှိကြသော အားကစားသမားများအား လျှပ်စစ်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းမြင့်မှ ကနူး/ကယက်နိုင်ငံခြားသားနည်းပြနှင့် မြန်မာနည်းပြတို့အား ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းစီအားပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလှေ နိုင်ငံခြားနည်းပြအား ဂုဏ်ပြုဆုငွေကျပ်(၈)သိန်းနှင့် မြန်မာနည်းပြအား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်း အားချီးမြှင့်ခဲ့ပြီး ရွှေတံဆိပ်(၃)ဆုရှင်မျိုးလှိုင်၀င်းက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဂုဏ်ပြုညစာဖြင့်တည်းခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။