၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ခရိုင်ပေါင်းစုံ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲအား မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စု၊ ပက်ပင်ကျေးရွာ တူးမြောင်းအတွင်း ဖေဖော်ဝါရီလ (၂၂)ရက်နေ့နှင့် (၂၃)ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြိုင်ပွဲတွင် အမျိုးသား (၁၀) တက်လှော်နှင့် အမျိုးသမီး (၇) တက်လှော်ပြိုင်ပွဲများကို ကျင်းပြီး ပြိုင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၆) ခရိုင်မှ ခရိုင် (၁)ခုချင်းစီအလိုက် (အမျိုးသား/အမျိုးသမီး) (၁)သင်းစီ၊ မအူပင်ခရိုင်မှ (အမျိုးသား/အမျိုးသမီးအသင်း) (၂)သင်းစီဖြင့် စုစုပေါင်း အမျိုးသား (၇)သင်း၊ အမျိုးသမီး(၇)သင်းတို့ အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင် လှော်ခတ်ကြောင်းသိရှိရသည်။
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်အနေဖြင့် လှေလှော်အားကစားနည်းကို ပြည်သူလူထုအတွင်း စိတ်ပါဝင်းစားလာစေရေး၊ လူငယ်လူရွယ်များ လှေလှော်အားကစားနည်းကို လေ့လာလိုက်စားလာခြင်းဖြင့် နိုင်ငံတော်အတွက် မျိုးဆက်သစ်လှေလှော်အားစားသမားများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အလားတူပြိုင်ပွဲများကိုလည်း လှေလှော်အားကစားနည်းနှင့် လိုက်ဖက်မှုရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ဆက်လက်ကျင်းပ ပြုလုပ်သွားရန် ရည်ရွယ်ချက်ရှိကြောင်းသိရှိရသည်။
ပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူများတက်ရောက်အားပေးပြီး ဆုဖလားနှင့် ဆုကြေးငွေများအား ချီးမြှင့်ပေးခဲ့ကြပါသည်။
အမျိုးသား (၁၀)တက်လှော်ပြိုင်ပွဲတွင် မအူပင်ခရိုင် (ခ)အသင်းမှ ပထမ၊ မအူပင်ခရိုင် (က)အသင်းမှ ဒုတိယနှင့် လပွတ္တာခရိုင်အသင်းမှ တတိယဆုများကိုလည်းကောင်း၊ အမျိုးသမီး (၂)တက်လှော်ပြိုင်ပွဲတွင် မအူပင်ခရိုင် (ခ)အသင်းမှ ပထမ၊ မအူပင်ခရိုင် (က)အသင်းမှ ဒုတိယနှင့် ပဲခူးခရိုင်အသင်းမှ တတိယဆုများ အသီးသီးဆွတ်ခူးရရှိသွားကြောင်း သတင်းရရှိသည်။