skip to content

ရန်ကုန်၊ မေလ(  ၁၈   )ရက်။

(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၂)နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌဦးလင်းနိုင်မြင့်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဌနှင့် အဖွဲ့ချုပ်အမှုဆောင်များ၊ နိုင်ငံတကာဒိုင်အဖွဲ့ဝင်များ၊ ကမ္ဘာ့ကာယဗလကြံ့ခိုင်မှု အဖွဲ့ချုပ်ဥက္ကဌWorld Bodybuilding and Physique Sports Federation (WBPF) အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဌ Mr.DATUK  PAUL  CHUA နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ်နာယကများ၊ အားကစား ကိုချစ်မြတ်နိုးသူပြည်သူများတက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်နိုင်ငံ အသင်းများက စင်မြင့်ပေါ်တွင်နေရာကြပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အလံကို အလေးပြုကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ (၁၆)ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပဆောင်ရွက်ခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှတွင် အရေးကြီးသောပြိုင်ပွဲ တစ်ခုဖြစ်ပြီး ပြိုင်ပွဲကျင်းပဆောင်ရွက်နိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာသည် ကမ္ဘာ့အလယ်တွင် ဝင့်ကြွားနိုင်စေရန် ဆောင်ရွက်ပေးပါသော ပုဂ္ဂိုလ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယနေ့ကျင်းပသော အားကစားပြိုင်ပွဲတွင် သန့်ရှင်းသော စိတ်ဓါတ်၊ အားကစား စိတ်ဓါတ်၊ ဝါသနာ အနစ်နာခံနိုင်မှုများနှင့် ကြိုးပမ်းဆောင်ရွက်လိုသော စိတ်ဓါတ်များနှင့်အတူ အောင်မြင်မှုပန်းတိုင်ကို ရရှိမည်ဟု မှတ်တမ်းတင်ကြောင်းပြောကြားသည်။ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ၊World Bodybuilding and Physique Sports Federation (WBPF)ဥက္ကဌ Mr.DATUK  PAUL  CHUA အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ Mr. PHUMVARIN CHUNHAWONGVARIT တို့နှင့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးညီညီတို့က နှုတ်ခွန်းဆက် စကားများအသီးသီးပြောကြားပါသည်။

ယင်းနောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ World Bodybuilding and Physique Sports Federation (WBPF) ဥက္ကဌ Mr.DATUK  PAUL  CHUA  က ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ဝင်များအား (WBPF) ဂုဏ်ထူးဆောင်ဆုများကို မြန်မာနိုင်ငံကာယဗနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များ၊ အာဆီယံနိုင်ငံများမှ ဒိုင်အဖွဲ့ဝင်များအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်က ပြိုင်ပွဲကျင်းပရေးအတွက် လိုအပ်သည့်ရန်ပုံငွေများပံ့ပိုးပေးခဲ့သော အလှူရှင်များအား ကျေးဇူးတင် မှတ်တမ်းလွှာများ ပေးအပ်ပြီး ပြိုင်ပွဲဝင်နိုင်ငံများမှ အသင်းများစင်မြင့်ထက်မှ ပြန်လည် ထွက်ခွာသွားကြသည်။
ထို့နောက်မြန်မာ့ရိုးရာအကများဖြင့်ဖျော်ဖြေတင်ဆက်ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ထို့နောက်ဗိုလ်လုပွဲများဆက်လက်ကျင်းပရာ အမျိုးသား(၂၁)နှစ်အောက်အငယ်တန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ မြန်မာနိုင်ငံ မှ မျိုးစိုင်းဦး၊ ဒုတိယ ထိုင်းနိုင်ငံနှင့် တတိယ မြန်မာနိုင်ငံတို့မှ လည်းကောင်း၊ အကြီးတန်းကာယဗလမောင်(၅၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ မြန်မာနိုင်ငံမှ ကျော်မင်းသန်း၊ ဒုတိယ ထိုင်းနိုင်ငံနှင့် တတိယ မြန်မာနိုင်ငံမှ လည်းကောင်း၊ (၆ဝ)ကီလိုတန်းကာယဗလမောင်ပြိုင်ပွဲတွင် ပထမ မြန်မာနိုင်ငံမှ မိုးဆွေ၊ ဒုတိယ ဗီယက်နမ်နိုင်ငံနှင့် တတိယ ထိုင်းနိုင်ငံတို့မှလည်းကောင်း၊ (၆၅)ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ အင်ဒိုနီးရှားနိုင်ငံ၊ ဒုတိယ ဗီယက်နမ်နိုင်ငံနှင့် တတိယ မြန်မာနိုင်ငံတို့မလည်းကောင်း၊ (၇ဝ)ကီလိုတန်း  ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ ဘရူးနိုင်နိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံနှင့် တတိယမြန်မာနိုင်ငံတို့မှ လည်းကောင်း၊ အမျိုးသား(၄၅)နှစ်နှင့်အထက် သက်ကြီးတန်း ကာယဗလမောင် (Master Men's) ပြိုင်ပွဲတွင် ပထမ အင်ဒိုနီးရှားနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံနှင့် တတိယမြန်မာနိုင်ငံတို့မှလည်းကောင်း၊ အမျိုးသား (၁၇ဝ)စင်တီမီတာအောက် ( Men's Sport Physique) ပြိုင်ပွဲတွင် ပထမမြန်မာနိုင်ငံမှ  ငြိမ်းချမ်း ၊ ဒုတိယထိုင်းနိုင်ငံနှင့် တတိယထိုင်းနိုင်ငံတို့မှလည်းကောင်း၊ အမျိုးသား (၁၇ဝ)စင်တီမီတာအထက် ( Men's Sport Physique) ပြိုင်ပွဲတွင် ပထမ ထိုင်းနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယဗီယက်နမ်နိုင်ငံတို့မှ လည်းကောင်း၊ အမျိုးသား အလွတ်တန်း;( Men's Fittness Physique) ပြိုင်ပွဲတွင် ပထမ ထိုင်းနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံနှင့် တတိယ မြန်မာနိုင်ငံတို့မှ လည်းကောင်း၊ အမျိုးသမီး အလွတ်တန်း ( Women's Fittness Physique) ပြိုင်ပွဲတွင်  ပထမမြန်မာနိုင်ငံမှ သဲစု ၊ ဒုတိယဗီယက်နမ်နိုင်ငံ၊ တတိယမြန်မာနိုင်ငံမှ နှင်းပန်းခိုင်တို့ကလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး မြန်မာနိုင်ငံမှ ရွှေ(၅)ခု၊ ငွေ(၅)ခု၊ ကြေး(၅)ခုဖြင့် ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ World Bodybuilding and Physique Sports Federation (WBPF) ဥက္ကဌ Mr.DATUK  PAUL  CHUA ၊ အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဌ  Mr. PHUMVARIN CHUNHAWONGVARIT တို့နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးညီညီ နှင့် အမှုဆောင်များက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မေလ(၁၉)ရက်နေ့တွင် ပြိုင်ပွဲဝင်အတန်း (၁၂)တန်းအား ဆက်လက်ယှဉ်ပြိုင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 


back to top Eng