skip to content
 
နေပြည်တော်၊ စက်တင်ဘာ(၁၂)ရက်။
 
(၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အားကစားနည်း(၈)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့်ပတ်သတ်ပြီး အားနည်းချက်များနှင့် အားသာချက်များကို ရှင်းလင်းသုံးသပ်သည့် အစည်းအဝေးအခမ်းအနားအား ယနေ့ နေ့လည် (၂)နာရီ အချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ် (၃၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊အတွင်းရေးမှူးများ၊ အုပ်ချုပ်/ နည်းပြများ တက်ရောက်ကြပါသည်။
 
ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် (၁၈)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အားကစားနည်း(၈)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ အာရှအားကစားပြိုင်ပွဲသည် အင်မတန်အဆင့်အတန်းမြင့်မားသောကြောင့် ယခင်က ဆုတံဆိပ်များ ရရှိခဲ့သော်လည်း ယခုပြိုင်ပွဲတွင် ကြေးတံဆိပ်(၂) ခုသာရရှိခဲ့ပါသဖြင့် အဖက်ဖက်က ကြိုးစားပြီး ပြိုင်ပွဲဝင်ခဲ့ရာတွင် အာရှ ပြိုင်ပွဲဝင်အသင်းများမှ ပိုမိုတိုးတက်လာသည်ဟု သုံးသပ်ရပါသောကြောင့် မိမိတို့အနေဖြင့် 30th SEA Games အတွက်ကြိုတင်ပြင်ဆင်သုံးသပ်ပြီး လိုအပ်သည့် အားကစားအဖွဲ့များရဲ့ အားနည်းချက်/အားသာချက်များ၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါရန်နှင့် ယခုလို ဥက္ကဌများ၊ အတွင်းရေးမှူးများမှ အချိန်ပေး တက်ရောက် ရှင်းလင်းသုံးသပ်ပေးပါသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
 
 
 
အားကစားအဖွဲ့ချုပ်များမှ မိမိတို့ အားကစားနည်းရဲ့ အားနည်းချက်/ အားသာချက်များကို ရှင်းလင်းပြောကြားရာတွင် အားကစားသမားများသည် နိုင်လိုစိတ်များပြင်းထန်ပြီး အသက်အရွယ် အားဖြင့်ငယ်ရွယ်သောကြောင့်လည်းကောင်း၊ လာမည့် 30th SEA Games တွင် စိတ်ပိုင်းဆိုင်ရာMental Training ကိုအဓိကထားလေ့ကျင့်ဆောင်ရွက်ပြီး ကြိုးစားယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ အားကစားသမားများသည်မခိုမကပ်ဘဲ ကောင်းမွန်စွာ ကြိုးစားယှဉ်ပြိုင်ခဲ့ပါကြောင်း၊  ဥပဒေဘောင်အတွင်းမှ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ကြောင်း၊ အားကစားသမားများသည် အမှားလုပ်မိမှာ စိုးရိမ်သောကြောင့် အခွင့်အရေး ရရှိပါလျက် မစွန့်စားရဲလျက်ရှိကြောင်း၊ ပြိုင်ပွဲဝင် လှေအမျိုးအစား မတူညီခြင်းကို ပြိုင်ပွဲမဝင်ခင် (၂) ပတ်အလိုမှ သိရှိခဲ့ရပါသောကြောင့် အားကစားသမားများသည် ကြိုးစားယှဉ်ပြိုင်ခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာအခြေအနေအားနည်းမှုကို တွေ့ရှိရပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် သွားရောက်ချိန်မှစပြီး လေ့ကျင့်ရန် လေ့ကျင့်ရေးတွင်း အခက်အခဲ ဖြစ်ခဲ့ပါကြောင်း၊ မျိုးဆက်သစ်လူငယ် အားကစားသမားများ ပါဝင်သောကြောင့် ပြိုင်ပွဲ အတွေ့အကြုံ နည်းပါးခြင်း၊ အားကစားသမားမှာ Injury ရရှိခဲ့ပါသောကြောင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် အားနည်းသည်ကို တွေ့ရှိပါကြောင်း၊ အားကစားသမားများသည် ဆုတံဆိပ်များ ရရှိရန်အတွက် ကြိုးစားယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် လေ့ကျင့်ခဲ့သော ပစ်မှတ်စံချိန်များထက် ပိုမိုကောင်းမွန်စွာ ပစ်နိုင်ခဲ့ပါကြောင်း နှင့် အားကစားသမားများသည် စည်းကမ်းပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုက်နာမှုအားနည်းသည်ကို တွေ့ရှိရပါကြောင်း ပြောကြားခဲ့ပါသည်။
 
ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အားကစားအဖွဲ့များအနေဖြင့် လာမည့် (၃ဝ) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ပိုမိုကြိုးစားလေ့ကျင့်ပြီး ဆုတံဆိပ် များရရှိအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားနည်းအားလုံးရဲ့ ဥပဒေ၊ နည်းဥပဒေများကို နားလည်သိရှိရန် အားကစားသမားများမှ လိုက်နာဆောင်ရွက်စေလိုကြောင်း၊ အဖွဲ့ချုပ်များ၏ လိုအပ်သည်များတင်ပြလာပါက ကြိုးစားဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး အားကစားသမားများ၏ စားသောက်မှု၊ နေထိုင်မှု၊ အားကစားလေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များအား အတူတကွလက်တွဲပြီး ဆောက်ရွက်သွားကြ စေလိုကြောင်းမှာကြားရင်း အစည်းအဝေးအား ရုပ်သိ်မ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng